|
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် (၁၄)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) ရတနာပုံခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ |
|
![]() |
![]() |
| ဦးစွာ တက်ရောက်လာသူများက တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ စာတမ်းဖတ်ပွဲကို ဖွင့်လှစ်ပေးကြသည်။ | |
![]() |
![]() |
| ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက တိုင်းရင်းဆေး သုတေသနများဆောင်ရွက်ရန် အားပေးနေချိန်တွင် အရှိန်အဟုန်မြှင့်၍ သုတေသနကျင့်ဝတ်နှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးထုတ်လုပ်သည့် လုပ်ငန်းများသည် နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက် လျက်ရှိသည့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များတွင် ပါဝင်လျက်ရှိသဖြင့် စနစ်တကျဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းဆေးဝါး လုပ်ငန်းရှင်များအနေဖြင့် ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးကဲ့သို့ စနစ်ကျစွာ ထုတ်လုပ်ရန်လိုကြောင်း၊ လုပ်ငန်းများဖွံ့ဖြိုးလာသည်နှင့်အညီ ရိုးရာအသိပညာကို ကာကွယ်ရေးအတွက် မူပိုင်ခွင့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများရှိ ကျေးရွာနေပြည်သူ များအား ကွင်းဆင်းဆေးကုသခြင်း၊ လေ့လာခြင်းနှင့် ပတ်သက်သည့် စာတမ်းများပါဝင်မည် ဖြစ်သဖြင့် ပြန်လည်အသုံးချနိုင်သော ပြည်သူ့ကျန်းမာရေးအကျိုးပြု သုတေသန ရလဒ်များ ရရှိစေမှာဖြစ်ကြောင်း၊ ဆွေးနွေးချက်များကို စနစ်တကျမှတ်တမ်းများထားရှိပြီး မိမိတို့ မြန်မာ့ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ကြရန်နှင့် သုတေသနတွေ့ရှိချက်များကို မျှဝေဖလှယ် ဆွေးနွေးညှိနှိုင်းကာ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြသထားသော သုတေသနပိုစတာများကို လှည့်လည်အားပေးကြည့်ရှုသည်။ | |
![]() |
![]() |
| စာတမ်းဖတ်ပွဲကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်အထိ ကျင်းပ၍ သုတေသနစာတမ်းအစောင်(၂၀) နှင့်ပိုစတာ (၅)စောင်ကို ဖတ်ကြားပြသကြမည်ဖြစ်ပြီး မြန်မာ့ တိုင်းရင်းဆေးဝါးများ၏ ဘေးအန္တရာယ် ကင်းရှင်းမှု၊ အာနိသင်ထိရောက်မှုကို စမ်းသပ်လေ့လာခြင်း၊ မြန်မာတိုင်းရင်းဆေးဝါးများ အသုံးပြုမှုကို ပြည်သူလူထုအတွင်းလေ့လာခြင်း စသည့်အကြောင်းအရာ များကို ကျန်းမာရေးဝန်ကြီးဌာန သာမက နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်ကြသော ကာကွယ်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့က စာတမ်းများ ဖတ်ကြား တင်သွင်းကြမည်ဖြစ်သည်။ | |
![]() |
![]() |
| ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ အရိုးရောဂါအထူးကုဆေးရုံကြီး(မန္တလေး)ရှိ ခြေတုလက်တုနှင့်အားပြုကိရိယာအလုပ်ရုံ၌ မန္တလေးငလျင်ကြီးကြောင့် ခြေလက်ဆုံးရှုံးခဲ့ရသူများအား ခြေတုလက်တုများ တပ်ဆင်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပြီး ဆေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ | |
![]() |
![]() |
| မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်အင်္ဂါဆုံးရှုံးခဲ့သူများအား နိုင်ငံတော်အကြီးအကဲ၏ စေတနာလမ်းညွှန်မှုဖြင့် အလုံးစုံတာဝန်ယူ ကူညီပံ့ပိုးပေးလျက်ရှိပြီး အရည်အသွေးကောင်းမွန်သော ခြေတုလက်တုများ တပ်ဆင်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ-ရန်ကုန်နှင့် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ခြေလက်ဆုံးရှုံးသူ (၂၂)ဦးအား ပထမအသုတ်အဖြစ် တပ်ဆင်ကုသပြီးဖြစ်ပြီး ဒုတိယအသုတ်အဖြစ် ခြေတု၊ လက်တုတပ်ဆင်ရန် အသင့်ဖြစ်သူ (၂၁)ဦး အား မန္တလေးတွင် (၁၈)ဦး၊ ရန်ကုန်တွင် (၃)ဦးတို့ကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ ကျန်ရှိသော ခြေလက်ဆုံးရှုံးသူများကိုလည်း ခြေတု၊ လက်တု တပ်ဆင်ရန် အသင့် ဖြစ်သည့်အချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ | |
![]() |
![]() |
| နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် လ (၂၀)ရက်နေ့က (၈၄)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအဖြစ် ဆောင်ရွက်ခဲ့သည့် လူနာနှင့် ကျောက်ကပ်အလှူရှင်တို့အား တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါ သည်။ ကျောက်ကပ်လူနာမှာ အမရပူရမြို့နေ အသက် (၃၀)နှစ်ရှိ အမျိုးသားဖြစ်ပြီး ကျောက်ကပ် အလှူရှင်မှာ ၎င်း၏ ဝမ်းကွဲညီဖြစ်သူ အသက် (၂၂)နှစ်ရှိ အမျိုးသားဖြစ်ကာ ၎င်းတို့၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
|
|
![]() |
![]() |
| ထို့နောက် ပြတ်တောက်သွားသည့် ဘယ်ဘက်လက်ဖျံကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ် ကုသမှုခံယူခဲ့သည့် လူနာကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ဘယ်ဘက်လက်ဖျံ ပြတ်တောက်ခဲ့သူ လူနာမှာ ကျောက်ဆည်မြို့နေ အသက် (၄၀)နှစ်ရှိ အမျိုးသားဖြစ်ပြီး လက်ပြန်ဆက်သည့် ခွဲစိတ်ကုသမှုကို ဩဂုတ်လ (၁၉)ရက်နေ့ ည(၁၀း၀၅)နာရီအချိန်မှစတင်ကာ (၇)နာရီနီးပါး ကြိုးစား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ပြီး လက်၏ သွေးလှည့်ပတ်မှုမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး လက်လှုပ်ရှားမှုများ စတင်ဆောင်ရွက် နိုင်ပြီဖြစ်ပါသည်။
|
|
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း (၁၄) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
in














