ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသော Pharma Connect 2025 သို့ တက်ရောက်

ရန်ကုန်မြို့၊ ဇူလိုင်လ(၂၅) ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၂၅) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန် Pan Pacific Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းမှ ကြီးမှူးကျင်းပသော Pharma Connect 2025 သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Naresh Kumar တို့မှ ကြိုဆိုနှုတ်ဆက်စကားများ  အသီးသီး ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ကုန်သွယ်ဖက် အများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၂.၁)ဘီလီယံထိ ရောက်ရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုကဏ္ဍသည် အဓိကအစိတ်အပိုင်း အနေဖြင့် ပါဝင်ခဲ့ပြီး မိမိတို့အနေဖြင့် နှစ်စဉ် နိုင်ငံခြားငွေအမြောက်အမြားအသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်း များ တင်သွင်းလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်မှုကြောင့် မြန်မာနိုင်ငံ၏ ဆေးနှင့်ဆေးပစ္စည်း ဈေးကွက်(၆၀)ရာခိုင်နှုန်းခန့် အသုံးပြုလျက်ရှိပါကြောင်း၊ ပြည်တွင်းဆေးဝါးထုတ်လုပ်မှု၌ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် ပုဂ္ဂလိကစက်ရုံများမှ ပြည်တွင်းဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံ သူများအား ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချမှုသာမက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံပါက အထူးကင်းလွတ်ခွင့်များ အပြင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၏ ဈေးကွက်များသို့လည်း ပြန်လည်တင်ပို့ရောင်းချ နိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဆေးဝါးမှတ်ပုံတင်ခြင်း ဖြန့်ဖြူးရောင်းချခြင်းများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချရသည့် ဆေးနှင့်ဆေးပစ္စည်းများသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၏ တိုးတက်အောင်မြင်မှုများ၊ နည်းပညာများကို မြန်မာနိုင်ငံမှ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ ပညာရှင်များကိုလည်း လေ့လာစေလိုပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း မှစ၍ ၂၀၂၅ ခုနှစ်၊ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် သဘာဝဘေး အန္တရာယ် အရေးပေါ်အခြေအနေများ၌ အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများမှ လူသားချင်း စာနာထောက်ထားမှုအကူအညီများအား လျင်လျင်မြန်မြန် ထောက်ပံ့ပေးခဲ့မှုများ၊ အရေးပေါ်ဆေး ကုသရေးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခဲ့မှုများကို ကျေးဇူးတင်ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ဆွေးနွေးပွဲ၌ဆွေးနွေးကြမည့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာသံရုံးနှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်မှတာဝန်ရှိသူများအနေဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း၌ လိုအပ်သောဆေးဝါးများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး အပြန်အလှန် အတွေ့အကြုံဖလှယ်ခြင်းနှင့် တွေ့ကြုံရသည့်အခက်အခဲများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
     ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချူပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပက်သက်၍ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေးအကြုံပြုပြောခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့  ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr Abhay Thakur၊ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Mr. Naresh Kumar နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။