ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ ကုသရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ လိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ (၄)ထပ်ကုသဆောင်သစ်၌ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ရာ အထူးကုပြင်ပလူနာဌာနများ ဖွင့်လှစ်ထားရှိမှု၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိမှု၊ အတွင်းလူနာဆောင်များ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မည့် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသည့် အခန်းများ၊ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေး ဆောင်ရွက်နေမှုများ၊ သင်ကြားရေးအခန်းများကို လှည့်လည်ကြည့်ရှုပြီး လာရောက်ပြသသော လူနာများ အား အားပေးစကားပြောကြားကာ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာ ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူများ အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေး အဘက်ဘက်မှ ကြိးပမ်းဖြည့်ဆည်းလျက်ရှိပါကြောင်း၊ အခြေခံလိုအပ်၍ အသုံးများသည့် ဆေးဝါးများ၊ အရေးကြီးသည့်ဆေးဝါးများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ကူးမှု များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ဆေးဝါးရန်ပုံငွေများ ခွဲဝေချထားခြင်း၊ ဗဟိုမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများနှင့်ထိတွေ့ကာ ကုသမှုဆောင်ရွက်နေသော အထူးကုဆရာဝန်များ၊ ဆေးရုံစီမံခန့်ခွဲသူများ၊ အခြားသော ကျန်းမာရေးဝန်ထမ်းများ အားလုံးက အကျိုးရှိရှိ အသုံးပြုပြီး ပြည်သူများကို ထိရောက်စွာ ထောက်ပံ့ပေးနိုင်ရေး အားလုံးညှိနှိုင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ သည် မိမိတို့၏ မိသားစုအရေးထက် လူနာများ၏ အရေးကို ရှေ့တန်းတင်ကာ ဆောင်ရွက်ပေးနေကြ ကြောင်း၊ ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ လူနာများကို နွေးထွေးစွာ ဆက်ဆံကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဝန်ထမ်းများကို ပြည်သူများက ပိုမိုအားကိုး ယုံကြည်လာမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်ကျန်းမာရေးဝန်ထမ်းများ မွန်မြတ်သော စိတ်ထားတတ် စေရေး၊ ဆေးပညာ၊ သူနာပြုစုမှုပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။
     ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး (၄)ထပ်ကုသဆောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိရာတွင် ပြင်ပ လူနာဌာနကို (၁၀-၄-၂၀၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိပြီး ပြင်ပလူနာဌာနနှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် ကုသမှုများကို ရုံးဖွင့်ရက်များ၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။