နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၈

     ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်မြို့)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

     အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချူပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့် ခံတွင်းဆရာဝန်(သစ်လွင်)များ တက်ရောက်ကြသည်။
     ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားကျင်းပမည့် မြန်မာကွန်ဗင်းရှင်းစင်တာသို့ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-၁(ရန်ကုန်)မှ ကျောင်းသူများက “မင်္ဂလာပါ” တေးသရုပ်ဖော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်သူများအား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးတက္ကသိုလ်လေးခုမှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိခန့်လွှာများပေးအပ်ရာ တက္ကသိုလ် တစ်ခုချင်းစီလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
     ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ဆေးတက္ကသိုလ်နှစ်ခုနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်းတမ်းဝင်အရာရှိ ခန့်အပ်လွှာများပေးအပ်ရာတက္ကသိုလ် တစ်ခုချင်းစီလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်း‌ဆောင်ရွက်ချက်များမှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။

     ဆက်လက်၍ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသားကျောင်းသူများက “‌ပေါင်းစည်းနေမည် ထာဝရမြန်မာပြည်” တေးသရုပ်ဖော်သီချင်းဖြင့်လည်းကောင်း၊ ဆေးနှင့် ‌ဆေးနှီးနွှယ်တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများက “ပေါင်းစည်းခြင်းမှ အောင်မြင်ခြင်းဆီသို့” တေးသရုပ်ဖော်တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

     ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။