ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်

     ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ နေ့လည် (၁၂) နာရီတွင် ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ‌ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင်  သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ထိုင်းနိုင်ငံ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများ တွင်လည်း ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ဖြစ်ပွားမှုများပြားလေ့ရှိပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ပြန့်ပွားတတ်သည့် ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပေါ်မူတည်၍ ကူးစက်မှုနှုန်းနှင့် ပြင်းထန်မှုနှုန်း ကွာခြားမှုရှိနိုင်ကြောင်း၊ ခြင်မပေါက်ဖွားနိုင်အောင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ခြင်နှိမ်နင်းရေး လုပ်ငန်း များကို အားသွန်ခွန်စိုက်ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါအပြင် အခြားခြင်မှ တစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ကျောင်းအခြေပြု၊ ပြည်သူလူထုအခြေပြု၊ ရောဂါဖြစ်ပွားသည့်လူနာရှိရာ အရပ်ဒေသအပေါ်မူတည်၍ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနအပါအဝင် အခြားနှီးနွယ်ဌာနများနှင့်ပါ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် နိုင်ငံတော်ရန်ပုံငွေမှ ခွဲဝေချထားပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး) ၊ Fogging Machine(ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေးသွေးပေါင်ချိန်တိုင်း ကိရိယာ (Pediatric BP Cuffတို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနများသို့ ဖြန့်ဝေပေး ထားပြီးဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် အရေးပါသော Dengue virus serotype (၄) မျိုးအား စောင့်ကြပ်ကြည့်ရှုခြင်း(Dengue Serological Surveillance) ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနခွဲနှင့် ပူးပေါင်းလုပ်ဆောင်နေပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ဖွင့်၊ မြှုတ်၊ ရှင်း” လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ခြင်း၊ လူနေရပ်ကွက်၊ ကျေးရွာများရှိ မလှယ်နိုင်၊ မသွန်နိုင်သော ရေစည်များနှင့် အုတ်ကန်များတွင် ခြင်လောက်လမ်းသေဆေး (အဘိတ်) ခတ်ခြင်းကို ရက်သတ္တပတ် (၆) ပတ်လျှင် တစ်ကြိမ် စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်သူ လူထုကိုယ်တိုင် ခြင်ကျားပိုးလောက်လမ်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သိမြင်လိုက်နာ ကျင့်သုံးလာရန် လိုအပ်ပါကြောင်း၊ ဒေသဆိုင်ရာအာဏာပိုင်များ၏ ကူညီပံ့ပိုးမှုများဖြင့် နှီးနွယ်ဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ နှီးနွယ်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး/ စီမံချက် မန်နေဂျာ(သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်) မှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအခြေအနေများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးမှ ဧရာဝတီတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မှ  Dengue serological surveillance ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့် ဒုတိယတိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး)၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ စသည်ဖြင့် စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည် များကို အကြံပြုညှိနှိုင်းဆွေး‌နွေး ခဲ့ကြပါသည်။
     ကျန်းမာရေးဝန်ကြီးဌာနမှ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းတို့သည် (၂၁-၇-၂၀၂၅) ရက်နေ့တွင် လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများမှ လုပ်အားပေးသူများနှင့်အတူ လှိုင်သာယာ(အနောက်)မြို့နယ်အတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု များပြားသည့် ရပ်ကွက်ကျေးရွာများတွင် ခြင်လောက်လန်းများ နှိမ်နင်းရန် အဘိတ်ဆေးများခတ်ခြင်း ခြင်ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။