| နေပြည်တော်၊ ဒီဇင်ဘာ (၂၄) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးအသက်ကယ် ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားကို (၂၄-၁၂-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Myanmar CDC ၊Theaterခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း တက်ရောက် ပြီးအဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/မွေးကင်းစနှင့်ကလေး အထူးကုဆရာဝန်ကြီးများ၊ မွေးကင်းစနှင့်ကလေးအထူးကုဆရာဝန်များ၊ ဆေးရုံအုပ်ကြီးများနှင့် သင်တန်းသားများ စုစုပေါင်း (၃၀၉)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အသက်ငါးနှစ် အောက်ကလေးသေဆုံးမှုနှုန်းနဲ့ မွေးကင်းစကလေးသေဆုံးမှုနှုန်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်းအဖြစ်ပါဝင်နေကြောင်း၊ လူ့မျှော်မှန်းသက်တမ်း တွက်ချက်ရာတွင်လည်း အရေးကြီးပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goal 2030) အရ မြန်မာနိုင်ငံတွင် (၂၀၃၀) ခုနှစ်၌ အသက် (၅)နှစ်အောက် ကလေးသေဆုံးမှုနှုန်းကို အရှင်မွေး (၁၀၀၀) လျှင် (၂၅) ယောက် သို့လည်းကောင်း၊ မွေးကင်းစကလေးသေဆုံးမှုနှုန်းကို အရှင်မွေး (၁၀၀၀) လျှင် (၁၂) ယောက်သို့ လည်းကောင်း လျော့ချရန်လိုအပ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ခန့်မှန်းချက် ကလေးသေဆုံးမှု (အစီရင်ခံစာ ၂၀၂၂) အရ မြန်မာနိုင်ငံအနေဖြင့် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုကို လျှော့ချရာတွင် တိုးတက်မှုရှိကြောင်း၊ မွေးကင်းစကလေး သေဆုံးမှုနှုန်းအနေနဲ့ ၂၀၀၀ ခုနှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင် (၃၇.၃) မှ ၂၀၂၂ ခုနှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင်(၂၁)သို့လည်းကောင်း၊ အသက်တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင် (၆၀.၇) မှ ၂၀၂၂ ခုနှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင် (၃၂) နှင့် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင် (၈၃.၂) မှ ၂၀၂၂ ခုနှစ်တွင် အရှင်မွေး ၁,၀၀၀ လျှင် (၄၀) သို့ လျော့ချနိုင်ခဲ့ကြောင်းတွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဆိုလျှင် ၂၀၃၀ခုနှစ်တွင် ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် ကလေးသေဆုံးမှုစောင့်ကြပ် လေ့လာခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း၏ ၅၀ရာခိုင်နှုန်းနီးပါးသည် မွေးကင်းစကလေးသေဆုံးမှုဖြစ်ပြီး မွေးကင်းစကလေး ရေမွန်းသေဆုံးခြင်းဟာ သေဆုံးမှုအားလုံး၏ (၁၉)ရာခိုင်နှုန်း ရှိသည့်အတွက် အထူးဂရုပြုဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်တိုင်းတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အိမ်တွင်ကလေးမွေးဖွားပေးခြင်းထက် ဆေးရုံ/ဆေးခန်းများ တွင်သာ အရည်အသွေးပြည့်မီစွာ မွေးဖွားပေးခြင်းကို ပိုမိုကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေးကင်းစကလေးအတွက် မွေးပြီးပြီးချင်း အချိန်တစ်မိနစ်အတွင်းသည် ကလေး၏ဉာဏ်ရည်ဖွံဖြိုးမှုနှင့် အသက်ရှင်သန်ရေးအတွက် လိုအပ်သည့် အဖိုးတန်တစ်မိနစ်ဖြစ်ပြီး အရေးကြီးသောကြောင့် ယခုသင်တန်းကို ကျင်းပရခြင်းဖြစ်ပြီး ဆေးဝါးများနှင့်ဆေးပစ္စည်းများ၊ ရေမွန်းကလေးအသက်ကယ် ပြုစုစောင့်ရှောက်ရန် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်းနှင့် ကျွမ်းကျင်မှုရရှိစေရန် စဉ်ဆက်မပြတ်လေ့ကျင့်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ Training on Neonatal Resuscitation သင်တန်းကို ဒီဇင်ဘာ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ပြီး မွေးကင်းစနှင့်ကလေးအထူးကုဆရာဝန်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ စုစုပေါင်း (၂၈၆)ဦးအား မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စာတွေ့၊လက်တွေ့ သင်ကြားပို့ ချမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ကြီး)နှင့် အခြားတိုင်း ဒေသကြီး/ပြည်နယ်များတွင်လည်း သင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းများဆောင်ရွက်ခြင်းအားဖြင့် မွေးကင်းစ ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်း တို့ကိုလျော့ချနိုင်ပြီး မျှော်မှန်းလူ့သက်တမ်း တိုးတက်နိုင်ရေးအတွက် အထောက် အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ |
|
Training on Neonatal Resuscitation သင်တန်းဖွင့်ပွဲအခမ်းအနားဆောင်ရွက်ခြင်း
in


