ကျန်းမာရေးဝန်ကြီးဌာနမှ သစ်လွင်သူနာပြု(၁၇၇၅) ဦးကို ခန့်အပ်တာဝန်ပေးခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်

            ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့(၁၄:၀၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော် တွင် Hybrid စနစ်ဖြင့်  ကျင်းပခဲ့ပါသည်။

            အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက သစ်လွင်သူနာပြုများကို အခမ်းအနားဖြင့် ရာထူးခန့်အပ်တာဝန်ပေးအပ်ခြင်းသည် သစ်လွင်သူနာပြုများကို အားပေးချီးမြှင့်ရန်၊ တာဝန်ချထားသောနေရာများသို့ ပျော်ရွှင်စွာသွားရောက် တာဝန်ထမ်းဆောင်နိုင်စေရန်၊ သူနာပြုစုစောင့်ရှောက်မှုတွင် ပိုမိုစိတ်အားထက်သန်ပြီး အရည်အသွေးပိုမိုကောင်းမွန်လာစေရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုအလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ ဆရာမများကို အထူးမှာကြားလိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ထမ်းရွက်ရာမှာ မိမိတို့ တာဝန်ကျရာနေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝ ရုံမျှမက မိမိတို့ သူနာပြုဆရာ/ဆရာမများလိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ လူနာများကိုနွေးထွေးပျူငှာစွာဆက်ဆံကြပါရန်၊ ကျန်းမာရေးစောင့် ရှောက်မှုခံယူကြသော ပြည်သူတို့၏ စိုးရိမ်ပူပန်မှုနှင့် ကြောင့်ကြမှုများကို လျော့နည်း စေပြီး ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများကြား ကောင်းမွန်သောဆက်ဆံရေးကို ဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် စာနာမှုနှင့် ဂရုဏာတရားရှေ့ထားဆောင်ရွက်စေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကိုအသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်တဲ့ ခံယူချက်ရှိတဲ့ သူနာပြုဆရာ/ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ လုပ်ငန်းခွင် ဝင်ရောက်ကြမည့် သစ်လွင်သူနာပြုများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံရာတွင် Professional ဂုဏ်သိက္ခာ မထိပါးအောင်လည်း ဆောင်ရွက်ဖို့လိုပါကြောင်း၊ သူနာပြုများ၏ အရည်အသွေးပိုမိုမြင့်မားစေရန်နှင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော သူနာပြုစုမှုပညာရပ်များကို အချိန်နှင့်တစ်ပြေးညီ သိရှိ ရရှိနိုင်စေရန် လုပ်ငန်းခွင်အရည်အသွေးမြှင့်တင်ရေး သင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးနေပါကြောင်း၊ မိမိကိုယ်ကို တိုးတက်အောင်မြင်ရေး(Personal Development)မှ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာအဆင့် မြှင့်စေရေး (Professional Development) သို့ ဦးတည်လျက် တစ်ဆင့်ထက်တစ်ဆင့် တိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး(Life Long Learning)၊ ပြည်သူများအား ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးရှိသော သူနာပြုစုမှုပညာများဖြင့် ပြုစုစောင့်ရှောက်မှုများပေးပြီး ပြည်သူလူထုမှ စိတ်ကျေနပ်မှုရရှိပြီး အားကိုးယုံကြည်ထိုက်သော သူနာပြုများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် သူနာပြု-သားဖွားသင်တန်းသားများအတွက် စားသောက်စရိတ် ချီးမြှင့်ငွေများကိုလည်း တိုးမြှင့်ပေးထားပါကြောင်း၊ သူနာပြုဝန်ထမ်းများ လုပ်ငန်းခွင်ဘဝတိုးတက်မှုရှိစေရန် အခွင့်အလမ်းများကိုလည်း စီစဉ်ပေးထားပါကြောင်း၊ သူနာပြုများအား ပညာရှင်ချီးမြှင့်ငွေများ၊ ညစာစားစရိတ် များ ခံစားခွင့်ပြုထားပါကြောင်း၊ ဝတ်စုံစရိတ်၊ စားစရိတ်များကိုလည်း ပြင်ဆင်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ လစာနှုန်း ထားများ ပြင်ဆင်တိုးမြှင့်သတ်မှတ်ပေးခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့်ဗန်းမော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း များမှ တက်ရောက်အောင်မြင်သူ(၁၄၉) ဦးကိုယ်စား သစ်လွင်သူနာပြု(၃) ဦးကို သစ်လွင်သူနာပြု ဌာနဆိုင်ရာအမိန့်စာများပေးအပ်ခဲ့ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဌာနဆိုင်ရာအမိန့်စာပေးအပ်ပွဲအပြီး သစ်လွင်သူနာပြုများကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များမှ သစ်လွင်သူနာပြုများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး လန်းဆန်း စာများကိုလည်း ရင်းနှီးချစ်ခင်စွာ အတူတကွသုံးဆောင်ကြသည်။

            ယနေ့အခမ်းအနားတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သူနာပြု-သားဖွား ဒီပလိုမာအောင်မြင်သူ စုစုပေါင်း(၁၇၇၅) ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေး အပ်ခဲ့ပါသည်။ ထို့အတူ ယခုနှစ် အောက်တိုဘာလတွင်လည်း သူနာပြုသိပ္ပံဘွဲ့၊ သွားကျန်းမာရေးဒီပလိုမာ ရရှိသူ (၁၅၄) ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိ ပါသည်။