ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျင်းပသည့် National Annual TB Evaluation Meeting (2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျင်းပသည့် National Annual TB Evaluation Meeting (2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။                          

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ(၁၀.၈)သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီ ရောဂါကြောင့် သေဆုံးသူပေါင်း (၁.၂၅)သန်းခန့်ရှိသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ WHO End TB Strategy အရ (၂၀၂၅)ခုနှစ်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းကို (၂၀၁၅)ခုနှစ်၊ ဖြစ်ပွားမှုနှုန်း၏ (၅၀%)နှင့် တီဘီ‌ရောဂါ ကြောင့်သေဆုံးမှုနှုန်းကို (၇၅%) ထိလျှော့ချကြရမှာဖြစ်ကြောင်းတီဘီရောဂါကာကွယ်ကုသရေး လုပ်ငန်းများကို ပြည်တွင်း/ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အမျိုးသားမဟာဗျူဟာ စီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နဲ့အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့် တီဘီဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူ ဖြည့်တင်းပေးလျက်ရှိပြီး နှစ်စဉ်ရန်ပုံ ငွေများ တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိကြောင်း၊ တီဘီလူနာရှာဖွေတွေ့ရှိမှု နည်းနေသောဒေသများတွင် မဖော်ထုတ်နိုင်သေးသော တီဘီလူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစားရှာဖွေပေးရန် လိုအပ်ပါကြောင်း၊ တီဘီ လူနာများရှာဖွေခြင်း၊ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊ ဆေးဆိုင်များနှင့် ချိတ်ဆက်၍ တီဘီလူနာရှာဖွေခြင်း၊ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်ကြမှသာ ပြည်သူလူထုအတွင်း တီဘီရောဂါကူး စက်ပြန့်ပွားမှုကို မြန်မြန်လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တီဘီလူနာများကို များများရှာ၊ မြန်မြန်ကု၊ မြန်မြန်ပျောက်ပြီး မြန်မြန်ကူးစက်မှုကွင်းဆက်ပြတ်အောင် အောင်ဆောင်ရွက် ပေးနိုင်မှာဖြစ်ကြောင်း၊ တီဘီရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများကို ယခုထက်ပိုပြီးအောင်မြင်မှုများ ရရှိအောင် ဆက်လက်ကြိုးပမ်း ကြရန်လိုပါကြောင်း၊ တီဘီရောဂါမဖြစ်အောင် ကာကွယ်ကုသခြင်း (TB preventive Therapy, TPT) ကို လက်ရှိ အခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများကိုလည်း တီဘီရောဂါကာကွယ်ကုသမှုများတွင် ယခုထက်ပိုမို ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမှာဖြစ်ပါကြောင်း၊ ဆေးယဉ်ပါးတီဘီဖြစ်ပွား ခြင်းဟာ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အဟန့်အတားဖြစ်သည့် အတွက် ဆေးယဉ်ပါးတီဘီလူနာများ စောစီးစွာဆေးကုသမှု ခံယူနိုင်ရေးနှင့် လူထုအတွင်း ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တွေ့ကြုံခဲ့ရသည့် အားနည်းချက်/အားသာချက်များကို အခြေခံ၍ ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများ အတွက် စီမံချက်များရေးဆွဲပြီး အချိန်နှင့်တပြေးညီ အကောင်အထည်ဖေါ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန်နဲ့ တီဘီရောဂါ တိုက်ဖျက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများ နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။                             

     အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားနှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီး များနှင့် မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။