နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော်ရှိ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း (Myanmar CDC)၌ ယနေ့ နေ့လည်(၁:၀၀)နာရီတွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အနာကြီး ရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် (၂၀၀၃)ခုနှစ်မှာ အနာကြီးရောဂါ ကင်းဝေးရေးရည်မှန်းချက် ဖြစ်သော လူဦးရေတစ်သောင်းလျှင် အနာကြီးရောဂါဖြစ်ပွားသူ တစ်ဦး အောက်လျော့နည်းအောင် လျှော့ချနိုင်ခဲ့ပါကြောင်း၊
(၂၀၂၃)ခုနှစ်တွင် အနာကြီးရောဂါလူနာသစ်(၁၃၃၈)ဦး၊ ကိုယ်အင်္ဂါချို့ယွင်းမှုအဆင့်(၂)ရှိသူ လူနာသစ်(၂၀၇)ဦးနှင့် ကလေးလူနာသစ်(၃၈)ဦး ရှာဖွေဖော်ထုတ်၍ဆေးဝါးကုသပေးနိုင်ခဲ့ ပါကြောင်း၊ လူနာများကို ကိုယ်အင်္ဂါချို့ယွင်းမှုမဖြစ်မီ စောစီးစွာရှာဖွေ ဖော်ထုတ်နိုင်ရေး အတွက် လူနာသစ်ရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် အနာကြီးရောဂါလူနာနှင့် အိမ်အတူနေသူများကို ရှာဖွေစစ်ဆေးခြင်း (Household Contact Examination)နှင့် အနာကြီးရောဂါအသိ ပညာပေး၍ လူနာသစ်ရှာဖွေရေးလုပ်ငန်း (Leprosy Awareness Raising Activites)ကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊အနာကြီးရောဂါလူနာသစ်များတွင် ကိုယ်အင်္ဂါချို့ယွင်းနေသော လူနာများအပြင် ကလေးလူနာများပါတွေ့ရှိရသောကြောင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေသည် ကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ အနာကြီးရောဂါလူနာနှင့် ထိတွေ့သူများအကြား တစ်ကြိမ်သာပေးရသော အနာကြီးရောဂါကာကွယ်ကုသဆေး (Single Dose Rifampicin) သောက် သုံးခြင်းဖြင့် အနာကြီးရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည့်အတွက် အနာကြီးရောဂါလူနာနှင့် အိမ်အတူနေသူများအား ရှာဖွေစစ်ဆေးပြီး အနာကြီးရောဂါကာကွယ် ကုသဆေး (Single Dose Rifampicin) တစ်ကြိမ် တိုက်ကျွေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲတွင် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါကြောင်း၊ အမှန်တကယ်ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အနာကြီးရောဂါဆိုင်ရာနည်း ပညာအကြံပေးပညာရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး များနှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
(၂၀၂၄)ခုနှစ် နှစ်ပတ်လည် အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ (၃)ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
