| နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ Meeting Hall တွင် ယနေ့နံနက် (၁၀:၀၀) နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါစသည့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါ များ ဖြစ်ပွားမှုနှုန်းမှာ ကပ်ရောဂါအသွင်ဖြင့် အလျင်အမြန် တိုးတက်များ ပြားလာနေပြီး ၎င်းရောဂါ များကို ကုသရန်အတွက် ပြည်သူ့ဘဏ္ဍာငွေ မြောက်မြားစွာ သုံးစွဲရသည့်အတွက်ကြောင့် တိုင်းပြည် ဖွံဖြိုးတိုးတက်မှုအတွက်လည်း ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေပြီး နိုင်ငံ၏ကျန်းမာရေး စနစ်အပေါ်မှာလည်း ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါကြောင်း၊ ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုအလေ့အထကောင်းများလိုက်နာကျင့်သုံးနိုင်ရေး သည် ရောဂါကာကွယ်ရေးအတွက် အခြေခံကျသည့်အချက်တစ်ခု ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်း တွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု တစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေ (၈)သန်းကျော် သေဆုံး နေရပြီး အဆိုပါလူဦးရေမှ (၁.၂)သန်းသည် ကိုယ်တိုင်ဆေးလိပ် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် မဟုတ်ဘဲ တခြားသူသောက်သုံးသည့် တဆင့်ခံဆေးလိပ်ငွေ့ (Second-hand smoke) ကြောင့် ရောဂါများ ဖြစ်ပွား၍ သေဆုံးနေရပြီး အများစုသည် အမျိုးသမီး နှင့်ကလေးငယ်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် ပတ်သက်၍ ဥပဒေအားလိုက်နာရန်ဆောင်ရွက်မှု (Law Enforcement)သည် အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် (Law Enforcement) ရရှိရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကိုကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အထောက်အကူပေးခြင်း များ ဆောင်ရွက်မှုမရှိစေရန်အတွက်လည်း ဥပဒေနှင့်အညီ ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ သတ်မှတ်ဆောင်ရွက်ပြီး ပြည်သူလူထုအား ဆေးလိပ်ငွေ့အန္တရာယ်မှ ရောဂါများဖြစ်ပွားစေမှု မရှိ စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှု၏ အောင်မြင်မှုတစ်ရပ်အနေဖြင့် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ASEAN Smoke Free Award ဆုချီးမြှင့်ခဲ့ပါကြောင်း၊ ထိုသို့အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် ဆေးလိပ်ငွေ့ ကင်းစင်ဒေသများ တိုးချဲ့ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်လူရွယ်များအကြား သုံးစွဲလျက်ရှိသည့် အီလက်ထရောနစ်စီးကရက်နှင့် အခြားအီလက်ထရောနစ်အငွေ့ရှူစက်များသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး စီးကရက်ဖြတ်ရန်ပစ္စည်း မဟုတ်သည့်အကြောင်းများကို ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ (၂၀၀၆)ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကိုလည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အများပြည်သူများအကြား ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုလျော့နည်းကျဆင်းရေးကို ရည်ရွယ်၍ ထုတ်ပြန်ကြော်ငြာခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်”သည် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာ လ(၃၁)ရက်နေ့တွင်စတင်အာဏာသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် အမိန့်စာကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များအား အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ အမိန့်စာပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းရှင်များဘက်က လိုက်နာဆောင်ရွက်ရန်ကိစ္စများကိုလည်း အထူးအလေးထားလိုက်နာကြရန်လိုအပ်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းမှ “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်း ဆိုင်ရာအမိန့်”နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ဆွေးနွေးတင်ပြခဲ့ကာ ဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။ | |
![]() |
![]() |
| အဆိုပါ အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ် နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
|
|
![]() |
![]() |
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကျင်းပဆောင်ရွက်
in






