မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်းမိသားစုများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၈)ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများအနက် နေပြည်တော်ကောင်စီနယ်မြေ တွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဦးစီးဌာနအသီးသီးမှ ငလျင်ဒဏ်ကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းများ တက်ရောက်ကြသည်။

     အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက (၂၈-၃-၂၀၂၅)ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြည်သူ များအနေဖြင့် အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပစ္စည်းဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရ ပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အ‌ရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက်လည်း နေထိုင်စား သောက်ရေး အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းနှင့်မိသားစုဝင်များ နေထိုင်ရန် ဘာရှာများ၊ Container House များ စီစဉ်ဆောက်လုပ်ပေးခြင်း၊ ငလျင်ဒဏ်ကြောင့် ကိုယ်၊ လက်၊ အင်္ဂါဆုံးရှုံးခဲ့သူများအတွက် ခြေတု၊ လက်တုများတပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားသည် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများ အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဝန်ထမ်းများ၏ ပုံမှန်နေ့စဉ် လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့် ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊  ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်ဟင်းချက်အိုး နှင့်လျှပ်စစ်မီးပူတို့ကို ထောက်ပံ့ပေး သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ် များ ကျရောက်လာသည့် အချိန်တိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတာဝန်များကို မနားမနေ အားကြိုးမာန်တက် ဆောင်ရွက်ပေးကြသည်ကို အသိအမှတ် ပြုပါကြောင်း၊ မိမိကိုယ်တိုင် သဘာဝဘေးနှင့်  ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ပေးအပ်လာသည့် တာဝန်များ ကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးကြသည့် အတွက်လည်း အထူး‌ကျေးဇူး တင်ရှိပါကြောင်းနှင့် ဝန်ထမ်းများအားလုံး သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးနိုင်ပါရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
     ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက နေပြည်တော်ကောင်စီနယ်မြေရှိ မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း မိသားစု ၄၄ စု အား အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ ၄၄ လုံး၊ ရုပ်မြင်သံကြား စက် ၄၄ လုံး၊  ထမင်းပေါင်းအိုး ၄၄ လုံး၊ လျှပ်စစ်ရေနွေးအိုး ၄၄ လုံး၊ လျှပ်စစ်ဟင်းချက်အိုး ၄၄ လုံးနှင့် လျှပ်စစ်မီးပူ ၄၄ လုံး တို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယနေ့အခမ်းအနားတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု ၄၄ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည့် အဆိုပါ အိမ် သုံးလျှပ်စစ်ပစ္စည်းများကို ဝန်ထမ်းမိသားစုများ ယာယီနေထိုင်သည့် နေရာများသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ပါသည်။