ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆  ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား မြွက်ကြားခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်၊ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ဌာနအလိုက် အောက်ခြေဝန်ထမ်းများအထိ သိရှိနားလည်ကာ ရည်မှန်းချက်များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်လေ့ကျင့်မွေးထုတ်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ Naypyitaw State Academy တွင် Faculty of Medicine (ဆေးသိပ္ပံပညာမဟာဌာန)ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်း အပါအဝင် တက္ကသိုလ်များတွင် လိုအပ်သည့် သင်ကြားရေးစာသင်ဆောင်များ၊ Recreation Center များ၊ ကျောင်းသား/ကျောင်းသူအဆောင်များနှင့် ခေတ်မီသင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းတည်ဆောက်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ University Ranking တက်စေရေး ပါမောက္ခချုပ်များအနေဖြင့် အစဉ်တစိုက် ကြိုပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ အလုပ်သင် ဆရာဝန်ချီးမြှင့်ငွေ၊ ပညာရှင်ဘွဲ့ချီးမြှင့်ငွေနှင့် အုပ်ချုပ်မှုဆိုင်ရာ စရိတ်ချီးမြှင့်ငွေများကိုလည်း တိုးမြှင့်၊ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများသို့ ကာလရှည်/ကာလတိုသင်တန်းများ၊ အစည်းအဝေးများ၊ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ရန် အတွက်လည်း စဉ်ဆက်မပြတ် စီစဉ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ သင်ရိုးညွှန်တမ်းများ တိုးတက်ကောင်းမွန် လာစေရေးအတွက် KG+12 စနစ်နှင့် လိုက်လျောညီထွေရှိစွာ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆေးပညာရပ်ဆိုင်ရာ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများကို ပြည်သူလူထုအားကိုးယုံကြည်မှုများ မြင့်မားလာပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လိုအပ်သော ဆေးဝါးများနှင့် ခေတ်မီ ဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည့်ပေးလျက်ရှိပါကြောင်း၊ လူနာများ၏ စိုက်ထုတ် ကုန်ကျစရိတ် (Out of Pocket Money) များကိုလည်း များစွာ လျှော့ချနိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုအား စိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ကြိုပမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ယခုကာလတွင် Professional အတွက် တာဝန်သိသိဖြင့် တိုးတက်အောင် ဆောင်ရွက် ပေးခဲ့မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ ကုသရေးနှင့် ဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးပြည့်မီစေရေးနှင့် Clinical Skills များသာမက Communication Skills များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာများကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးဆက်သစ်များကို လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာ တင်ထွန်းတို့က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတက်ရေးအတွက် လက်ရှိဆောင်ရွက် နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများက တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း၍ လမ်းညွှန်မှုများ ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ရှိသူများ၊ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ စုစုပေါင်း (၃၈၃) ဦးတက်ရောက်ခဲ့ကြပါသည်။