|
နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ (၂၀၂၅) ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်း အနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု များကို ပြည်သူလူထုမှ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည် ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင် ပေးနိုင်ရန် ရည်ရွယ်၍ (၂၀၀၃) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ နှစ်စဉ် ဩဂုတ်လ တစ်လလုံးကို ‘အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’ အဖြစ်သတ်မှတ်၍ ဗဟိုအဆင့် သာမက တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အထိမ်းအမှတ်ပွဲများ ကျင်းပကာ ခရိုင်/ မြို့နယ်/ ကျေးရွာများပါမကျန် ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို ‘မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်’၊ ဒုတိယရက်သတ္တပတ်ကို ‘ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်’၊ တတိယ ရက်သတ္တပတ်ကို ‘ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်’၊ စတုတ္ထရက်သတ္တပတ်ကို ‘အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်ရေးရက်သတ္တပတ်’ ဟူ၍ သတ်မှတ် ဆောင်ရွက်ပါကြောင်း၊ ယခုနှစ်၏ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်ဆောင်ပုဒ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “Invest In Breastfeeding, Invest In the Future” လို့ သတ်မှတ်ထားတာဖြစ်ပြီး မြန်မာ ဘာသာဖြင့် ‘ကလေးများ အနာဂတ် လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့’ ဟု ဘာသာပြန်ဆိုထားပါကြောင်း၊ ပြည်သူ အားလုံး ဘဝတစ်လျှောက်လုံး အာဟာရ ပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါ ကင်းရှင်းရေး၊ အာဟာရ ပြည့်ဝ၍ ကာယ၊ ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က (၂၀၂၅) ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ (၂၀၂၅) ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် ဗွီဒီယို ပြသခြင်း၊ ပြခန်းငယ်အား လှည့်လည် ကြည့်ရှုခြင်း၊ မူကြိုကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ပါသော အဏုအာဟာရဆေးများ၊ ဗီတာမင်ဘီဝမ်း အားဆေးများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ | |
|
![]() |
| မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ သူနာပြုများအား တွေ့ဆုံပွဲသို့တက်ရောက် ၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဉီးတည်ချက် တစ်ရပ်ဖြစ်သော နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ဉီးတည်ချက်နှင့်အညီ ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း၊နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ဝန်ကြီးဌာန၏မူဝါဒ၊ လမ်းညွှန်ချက်၊ လုပ်ငန်း ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ဌာနအလိုက် အောက်ခြေဝန်ထမ်းများအထိ သိရှိနားလည်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမို အောင်မြင် စေရေး ကြိုးပမ်းဆောင်ရွက်ရန် ယခုကဲ့သို့ သူနာပြု အရာထမ်း/အမှုထမ်းကို ခေါ်ယူ တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသော သူနာပြုစုစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြု/သားဖွားများကို မွေးထုတ်ပေးနေသည့် သူနာပြု/ သားဖွား/နှီးနွှယ်သင်တန်းကျောင်းများ၏ ကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ ပြည်သူလူထု၏ အားကိုးမှုကို ပိုမိုရရှိလာသည့်အတွက် လက်တွေ့ သူနာပြုစုရာတွင် စေတနာအပြည့် နွေးထွေးစွာဖြင့် ချိုသာစွာပြောဆိုဆက်ဆံတတ်စေရန် ကျန်းမာရေးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ လူနာများကို အခြေခံ သူနာပြုစုစောင့်ရှောက်မှု ပေးနိုင်ရေးသည် သူနာပြုတိုင်း မဖြစ်မနေ အဓိက ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ကြောင်း၊ နိုင်ငံတော်မှသင်တန်းသား/သူများအတွက် စားသောက်စရိတ်နှင့် ပညာသင် ထောက်ပံ့ကြေးများ၊ သင်ကြားရေးဆရာများအတွက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေနှင့် အုပ်ချုပ်မှုဆိုင်ရာ စရိတ်ချီးမြှင့်ငွေများ တိုးမြှင့်ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ သူနာပြုစုမှုလုပ်ငန်းသည် အလွန်မွန်မြတ် လှသည့် လုပ်ငန်းဖြစ်ပြီး မွန်မြတ်သောစိတ်ထားနှင့် လူနာများကို ပြုစုစောင့်ရှောက်ခဲ့သည့် သမိုင်းမှတ်တမ်း များရှိသကဲ့သို့ စံနမူနာယူထိုက်သူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ သင်တန်းကျောင်းများ၏ ဉပဒိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်သလို ဖြည့်ဆည်းပေးထားသော သင်ထောက်ကူ ပစ္စည်းများနှင့် ကိုးကားစာအုပ်များကို ထိရောက်စွာ အသုံးပြုစေလိုကြောင်း၊ သင်တန်းကျောင်းများမှ အရည်အသွေး ပြည့်ဝစွာ မွေးထုတ်ပေးလိုက်သည့့် သူနာပြုများသည် ပြည်သူလူထုအား စေတနာပြည့်ဝစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးစေ လိုကြောင်း ပြောကြားခဲ့ပါသည်။ | |
|
![]() |
| ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက လမ်းညွှန်အမှာအစကားပြောကြားပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ မိမိတို့ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း၍ လမ်းညွှန်မှုများပေးခဲ့ပြီး၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး တို့က ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတက်ရေးနှင့် သူနာပြုစုမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ သူနာပြုအရာထမ်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သူနာပြုအရာထမ်း/ အမှုထမ်းများ၊ သူနာပြု/ သားဖွား/နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအုပ်များနှင့် သူနာပြုအရာထမ်း/အမှုထမ်းစုစုပေါင်း (၂၂၈)ဦး တက်ရောက်ခဲ့ပါသည်။ | |
|
![]() |
(၂၀၂၅) ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ သူနာပြုများအား တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
in





