|
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး-ကျောက်ဆည်မြို့သို့ရောက်ရှိကာ အထွေထွေရောဂါကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အရေးပေါ်လူနာကုသဌာနများသို့ သွားရောက်၍ (၂၈-၃-၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာများနှင့် ပုံမှန်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ကြည့်ရှုပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်မှ ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် ဆေးဝါးများ ဝယ်ယူကာ လူနာများအား ထောက်ပံ့ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦကြံ့ခိုင်မှု အခြေအနေများ သေချာစွာ ထပ်မံစစ်ဆေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ရန်ပုံငွေနှင့် လှူဒါန်းရရှိမှုများကို ပြည်သူများထံ အကျိုးရှိစွာ ရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် စနစ်တကျစီမံဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အရေးပေါ်လူနာများ လက်ခံဆောင်ရွက်နေမှုအခြေအနေ၊ ဆေးဝါးများ ထုတ်ပေးမှုအခြေအနေ၊ အရိုး နှင့်ထိခိုက်ဒဏ်ရာရလူနာများ၊ အထွေထွေရောဂါလူနာများအား ကုသပေးနေမှုအခြေအနေ၊ ငလျင်ဒဏ်ကြောင့် ယာယီရပ်ဆိုင်းခဲ့ရပြီးနောက် ကုသရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်နေသည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါလူနာများအား ကုသမှုအခြေအနေ၊ နှလုံးနှင့်သွေးကြောရောဂါ ကုဌာနတွင် အထူးစက်များအသုံးပြု၍ ဆေးကုသမှုများ ပြန်လည်ဆောင်ရွက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ထိခိုက်ပျက်စီးသော လူနာဆောင်၊ ဌာနများ ပြန်လည်ပြုပြင်ရန်နှင့် ကုသရေး လုပ်ငန်းများအားလုံး လည်ပတ်ဆောင်ရွက်ရန်တို့ အတွက် ဆေးရုံအုပ်ကြီးနှင့် ကုသဆောင်၊ ဌာနအလိုက် တာဝန်ခံအထူးကုဆရာဝန်ကြီးများအား အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပါသည်။ | |
![]() |
![]() |
| နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးတက္ကသိုလ်-မန္တလေး ဇီဝက စာသင်ခန်း၌ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေးနှင့် ဆေးနှင့်နှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ပြည်သူ့ဆေးရုံများသည် နာမကျန်းဖြစ်နေသည့် လူနာများအား လက်ခံကုသမှု ဆောင်ရွက်နေရသဖြင့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် အဆောက်အဦထိခိုက်မှု၊ ကြံ့ခိုင်မှုတို့ကို သေချာစွာ စစ်ဆေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆောက်အဦများ ပြင်ဆင်ရာတွင် နောင်အချိန်အတွက် စိတ်ချရနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ စံလုပ်ငန်းလမ်းညွှန်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ကျွမ်းကျင်သူများအား လုပ်ငန်းအပ်နှံ၍ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူနာဆောင်များကို Level-2 အထိ စစ်ဆေးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေးနှင့် နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ စာသင်ဆောင်များကိုလည်း ကြံ့ခိုင်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ နေထိုင်ရေး အတွက်လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ငလျင်ဘေးရှောင်စခန်းများ၌ နေထိုင်သူများ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ယခု အရှိန်အဟုန်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်း အမြန်ဆုံးလည်ပတ် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း၍ ဆောင်ရွက်ရန် မှာကြားပြီး တက်ရောက်လာကြသူများက ဌာနအလိုက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မှုအခြေအနေ၊ ဝန်ထမ်းများ နေထိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး ဆေးရုံဝင်းအတွင်းရှိ ခြေတုလက်တုနှင့်အားပြုကိရိယာအလုပ်ရုံသို့ သွားရောက်ကာ အင်အား ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်ဆုံးရှုံးသူများအား ခြေတုလက်တု တပ်ဆင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု၍ ခြေတုလက်တု ထောက်ပံ့တပ်ဆင်ပေးနိုင်ရေး အစမှအဆုံးတိုင် သေချာစွာ ဆောင်ရွက်ပေးရန်နှင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများ အသုံးပြုရန် မှာကြားခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော ယာယီဆေးကုသဆောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကုသပေးနေသည့် အခြေအနေအား ကြည့်ရှု၍ လူနာများအား အားပေးစကား ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မန္တလေးတိုင်းဒေသကြီးရှိ အင်အားပြင်းငလျင်ဘေးဒဏ်သင့် ပြည်သူ့ဆေးရုံများအား လှည့်လည်ကြည့်ရှု
in








