ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းဂျာမနီနိုင်ငံ အရေးပေါ်ဆေး အဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသော အဖွဲ့များအား လှည့်လည် ကြည့်ရှု

နေပြည်တော်၊ ဧပြီလ ၂၄ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျာမနီနိုင်ငံအရေးပေါ်ဆေးအဖွဲ့ကို ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားအား ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ (၂၄-၄-၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။

     ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် ဧပြီလ ၂၃ ရက်နေ့အထိ သေဆုံးသူ ၃၇၅၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၄ ဦး ရှိခဲ့ပြီး  မြန်မာနိုင်ငံ၏ ငလျင်ဘေးတုံ့ပြန်ရေးအတွက် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ ၂၃ ဖွဲ့ မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဂျာမနီနိုင်ငံ အရေးပေါ်ဆေးကုသရေးအဖွဲ့(Humedica)သည် ဧပြီလ ၁၅ ရက်နေ့မှစတင်ကာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀ တွင် အခြေပြု၍ ငလျင်ဘေးအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်နှင့်ပြင်ပလူနာပေါင်း ၁၀၀၀ နီးပါးအား ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် လူနာများအတွက် လိုအပ်သည့်ပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါသဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကိုယ်စား ဂျာမနီနိုင်ငံအစိုးရ၊ ပြည်သူလူထု နှင့် Humedica အဖွဲ့အား  အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ၏လမ်းညွှန်မှုနှင့်အညီ ငလျင်ဘေးသင့်ဒေသများတွင်  ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအတွက် လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂျာမနီနိုင်ငံနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်း တင်လွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ဂျာမနီနိုင်ငံအရေးပေါ်ဆေးအဖွဲ့ (Humedica)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နံနက်စာလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည်  ယမန်နေ့ (၂၃-၄-၂၀၂၅)ရက်နေ့၊ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသော အမေရိကန်ပြည်ထောင်စု၊ International Medical Corps  အဖွဲ့နှင့် ဂျာမနီနိုင်ငံ၊ Humedica အဖွဲ့တို့မှ တစ်ရက်လျှင် ပြင်ပလူနာ ၁၀၀ ဦးစီခန့် အား ကျန်းမာရေးစောင့်ရှောက်မှု‌ပေးလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။