ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းကော်မတီ နေ့စဉ်အစည်းအဝေးကျင်းပခြင်းနှင့် လုပ်ငန်းများပုံမှန်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု

နေပြည်တော်၊ ဧပြီ ၂၃ ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် (၂၃-၄-၂၀၂၅)နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီအစည်း အဝေးကိုကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်လှုပ်ပြီးကတည်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး မန္တလေးဆေးရုံကြီးနှင့် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးတို့တွင် နှလုံးကုသမှုများ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မျက်စေ့၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ရောဂါအထူးကုဆေးရုံကြီး၏ ပြင်ပလူနာဌာနကို နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ယာယီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတကာမှ လှူဒါန်းသော ဆေးများအားစနစ်တကျ အမြန်ဆုံးဖြန့်ဝေပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဝန်ထမ်းများနေထိုင်ရန်အတွက် မိုးလုံလေလုံ ယာယီ အဆောက်အဦများ အမြန်ဆုံးတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းမည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး ပမာဏအပေါ်မူတည်၍ လူအများစုဝေးနေထိုင်ရာ အဖွဲ့အစည်းများနှင့် ဦးစားပေးအုပ်စုများအလိုက် တိုက်ကျွေးနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆေးရုံများနှင့်ရုံးဌာနအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများအမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက် အဆောက်အဦများ ထိခိုက်ပျက်စီးမှု၊ ဆက်လက်အသုံးပြုနိုင်မှု၊ မြေအမျိုးအစားနှင့် ငလျင်ဒဏ်ခံနိုင်မှု အခြေအနေတို့အားစစ်ဆေး၍ လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်အောင် တာဝန်ရှိသူအသီးသီးက စီမံခန့်ခွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအဆင့်ဆင့်သိရှိအောင် လမ်းညွှန်မှာကြားသွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ မိုးလုံလေလုံ နေထိုင်နိုင်ရန်အတွက် ယာယီဘာရှာများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ နိုင်ငံတကာအဆင့်မီငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ပေးသွား မည်ဖြစ်ပြီး ပြည်သူများ၊ ဝန်ထမ်းများအနေဖြင့်ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့်လှုပ်ပြီးအချိန်များတွင် ဆောင်ရန်ရှောင်ရန်များကို လုပ်ငန်းလမ်းညွှန်များရေးဆွဲပြီး ပုံမှန်လေ့ကျင့်ခန်း(Drill)များ ပြုလုပ်သွားရမည် ဖြစ်ကြောင်းကို  အသေးစိတ်ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန(ရုံးချုပ်) အုပ်ချုပ်မှု (၃)ထပ်ဆောင် အဆောက်အဦထိခိုက် ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဌာနများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဝန်ထမ်းများထိခိုက်မှုမရှိစေရေး စနစ်တကျနေရာချထားရေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်ထွက်ပေါက်များစနစ်တကျသတ်မှတ်ရန်၊ အရေးကြီးစာရွက်စာတမ်းများအား စနစ်တကျမပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ပါသည်။ထို့နောက် ဝန်ထမ်းများ လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး ထောက်ပံ့ငွေရရှိရေးများ စီစဉ်ဆောင်ရွက်ပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးအခြေအနေများကို လိုက်လံကြည့်ရှု မေးမြန်းပြီး ဝန်ထမ်းများကို အားပေးစကားပြောကြားကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။