ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နိုင်ငံ့ဝန်ထမ်းများအား ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (Ora Vacs) တိုက်ကျွေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ ၂၉ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် (၂၉-၄-၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (Ora Vacs) တိုက်ကျွေးခြင်းလုပ်ငန်းကို ဆေးထိုးစုရပ်များဖြစ်သည့် စည်ပင်ဧည့်ရိပ်သာ(၁)၊ စည်ပင်ဧည့်ရိပ်သာ(၂)၊ ဇမ္ဗူသီရိမြို့နယ်၊ ခုတင် ၅၀ဆံ့ ဆေးရုံနှင့် ဥတ္တရသီရိမြို့နယ်၊ ခုတင် ၅၀ဆံ့ဆေးရုံတို့တွင် (၂၈-၄-၂၀၂၅)ရက်မှ (၂-၅-၂၀၂၅) ရက်နေ့အထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်လျက်ရှိသော စည်ပင်ဧည့်ရိပ်သာ(၁)နှင့် စည်ပင်ဧည့်ရိပ်သာ(၂)တို့သို့ သွားရောက်အားပေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တား ကာကွယ်ဆေး (Ora Vacs)ကို  မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး နှင့်စစ်ကိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများအား ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ပါသည်။    အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ဟန့်တားကာကွယ်ဆေး သောက်သုံးထားသော်လည်း သန့်ရှင်းသောသောက်သုံးရေ၊ လတ်ဆတ်သန့်ရှင်းသော အစားအစာ၊ သန့်ရှင်းသောအိမ်သာနှင့် လက်သန့်ရှင်းရေးသည် ပိုမိုအရေးကြီးသောကြောင့် တစ်ကိုယ်‌ရေသန့်ရှင်းရေးကို အထူးဂရုပြုကြရန် ကျန်းမာ‌ရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။