ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မန္တလေးမြို့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့ဆေးရုံများနှင့် ရုံးအဆောက်အအုံများသို့ သွားရောက်ကြည့်ရှု၍ ဝန်ထမ်းများကို အားပေးစကားပြောကြား

နေပြည်တော်၊ ဧပြီလ ၆ ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၅-၄-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အရိုးရောဂါ အထူးကုဆေးရုံကြီးသို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးကုသဆောင်များနှင့် ရုံးအဆောက်အအုံများအား  လှည့်လည်ကြည့်ရှုကာ  လူနာများအား ကျန်းမာရေးစောင့်ရှောက် ကုသနေမှုများနှင့်ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုကို  ကြည့်ရှုအားပေး၍ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများအား ထောက်ပံ့ပေးသည့် ချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။

    မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မန္တလေးစည်ပင်သာယာရေး ကော်မတီရုံးဝန်းအတွင်းရှိ ယာယီဆေးကုသရေးစင်တာသို့ သွားရောက်၍ ဂျပန်နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား ဆေးကုသမှုပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည်  မန္တလေး သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းသို့သွားရောက်၍ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု၍ သင်ကြားရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက် နိုင်စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  ကျန်းမာရေးဝန်ကြီးဌာနက  ဝန်ထမ်းများအား ထောက်ပံ့ပေးသည့် ချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။
     ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့ ကလေး‌ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဆေးကုသရေးအဆောင်များနှင့် ရုံးအဆောက်အအုံများအား လှည့်လည်ကြည့်ရှု၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများကို ဆေးကုသပေး နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက  ဝန်ထမ်းများအား ထောက်ပံ့ ပေးသည့် ချီးမြှင့်ငွေများ ပေးအပ်၍ ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့ပါ သည်။