ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ရွှေကြာပင်အားကစားရုံရှိ အရေးပေါ် လူနာကုသရေးစင်တာသို့ သွားရောက်ကြည့်ရှု

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ (၃၁-၃-၂၀၂၅)ရက်တွင် ရွှေကြာပင်အားကစားရုံရှိ အရေးပေါ် လူနာကုသရေးစင်တာသို့ သွားရောက်ကြည့်ရှုပြီး လူနာများအားတွေ့ဆုံအားပေးစကားပြောကြားကာ လူနာများတိုးချဲ့လက်ခံနိုင်ရေးစီစဉ်ထားရှိမှုအခြေအနေများ၊ အောက်ဆီဂျင် ဆလင်ဒါများထောက်ပံ့နိုင်မှုနှင့် ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အဆိုပါကုသရေးစင်တာရှိ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့မှ လာရောက်ပူးပေါင်းဆောင်ရွက်သည့် ဆရာဝန်၊ သူနာပြုများအား အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ပါသည်။
      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ကုသစောင့်ရှောက်ပေးလျက်ရှိပြီး သာမန်လူနာများအား နေပြည်တော်နယ်မြေအတွင်းရှိဆေးရုံများတွင်  ပုံမှန်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကာ ငလျင်ဘေးသင့်ဆေးရုံများ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆေးကုသရေး စင်တာများ ဖွင့်လှစ်၍ ကုသမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။