ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မျက်စိရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ အမျိုးသားမျက်စိဘဏ်-ရန်ကုန်နှင့် အထူးကုဆေးရုံ-သာကေတသို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၂-၁-၂၀၂၄ ရက်နေ့ တွင် မျက်စိရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်သို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာ ဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ မျက်စိခွဲစိတ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည် ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာဖြင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး အမှာစကားပြောကြားပြီး မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေး နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

     ဆက်လက်၍ အမျိုးသားမျက်စိဘဏ်-ရန်ကုန်၌ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်တို့က မျက်ကြည်လွှာလှူဒါန်းမှုများ တိုးတက်ရရှိစေရေး၊ မျက်ကြည်လွှာ အစားထိုးကုသမှုကို တိုးတက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အထူးကုဆရာဝန်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် ဝန်ထမ်းများနှင့် ပိုမိုကောင်းမွန်သည့် ခွဲစိတ်ကုသမှုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့အတွက် လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းပေးခဲ့ပါသည်။

     မျက်ကြည်လွှာ အစားထိုးခွဲစိတ်ကုသရာတွင် မျက်ကြည်လွှာ (၁)ခုကို မျက်စိလူနာ (၂)ဦးနှင့် အထက်အား အစားထိုးကုသမှုပေးနိုင်ပြီး ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာ(၅၀)ခု အသုံးပြု၍ လူနာပေါင်း (၁၄၀)ဦးကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံ-သာကေတသို့ သွားရောက်ပြီး သွားနှင့်ခံတွင်း‌ကုသဌာန၌ လူနာများအား ကုသမှုပေးနေသည့်အခြေအနေကို ကြည့်ရှုကာ ဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံမှာကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းပေး ခဲ့ပါသည်။

     အထူးကုဆေးရုံ-သာကေတတွင် သွားနှင့်ခံတွင်းပြင်ပလူနာဌာနကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး သွားနှင့်ခံတွင်းလူနာများအား ခေတ်မီစက် ကိရိယာများဖြင့် ပါမောက္ခ(သွား/ခံတွင်း) ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာန၌ ပြင်ပလူနာများကြည့်ရှု၍ ဆေးဝါးများ ဖြန့်ဝေပေးနေမှုအခြေအနေများနှင့် ဆေးစတိုသို့ သွားရောက်၍ ဆေးဝါးသုံးစွဲမှု၊ သိမ်းဆည်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လူနာများ ပိုမိုအဆင်ပြေ စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။