နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် (၁၇-၂-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံကာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် အထူးအရေးကြီးပါ ကြောင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများသည် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများဖြစ်သဖြင့် လုပ်ငန်း လိုင်စင် ခွင့်ပြုခြင်း၊ လိုင်စင်သက်တမ်းတိုးခွင့်ပြုခြင်း၊ လုပ်ငန်းများအား အခါအားလျော်စွာ ကွင်းဆင်း စစ်ဆေးခြင်း၊ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများဖြင့် ဆောင်ရွက်နေခြင်း ရှိမရှိ စိစစ်ခြင်း၊ လိုင်စင်စည်းကမ်းများ လိုက်နာဆောင်ရွက်နေမှုရှိမရှိစိစစ်ခြင်း တို့ကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတာဝန်ယူထားသည့်နယ်မြေအတွင်း လိုင်စင်မရှိဘဲ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း မရှိစေရန် မြေပြင်အခြေ အနေအား အခြေခံကျန်းမာရေးဝန်ထမ်းများ အင်အားဖြင့် သတင်းအချက်အလက်များ ရယူ ဆောင်ရွက်ရန်၊ လုပ်ငန်းလိုင်စင်မရှိပါက သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား မျှတသောစရိတ်ဖြင့် ဝန်ဆောင်မှုရရှိရေး အလေးထား ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့ဆေးရုံကြီးများတွင် အထူးကုပြင်ပလူနာဌာနများ နံနက်ပိုင်းအပြင် နေ့လယ်ပိုင်းများတွင်လည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါသဖြင့် အထွေထွေရောဂါကုဆရာဝန်များ အနေဖြင့် အထူးကုများနှင့်ပြသရန် လိုအပ်သော လူနာများအား သတ်မှတ် လူနာညွှန်းပို့ပုံစံဖြင့် စနစ် တကျ လွှဲပြောင်းပေးရန်ဖြစ်ပါကြောင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေး ပြီးနောက် အထွေထွေရောဂါကုဆရာဝန်များအနေဖြင့် ပုံမှန်ဆက်လက်ကုသမှုပေးရန် လိုအပ်သည့် အဆင့်တွင် လူနာများအား ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းစဉ် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေး အသိပေးဆွေးနွေးခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်းကို အားဖြည့်ပေးရန်ဖြစ်ပါကြောင်း မှာကြား ခဲ့ပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေးဦးစီး ဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။
