ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီမှ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင် ဆလင်ဒါများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၆

     နေပြည်တော်ကောင်စီမှ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင် ဆလင်ဒါများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

     အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲမြင့်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

     ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီအနေဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ လာရောက်ဆေးကုသမှုခံယူကြသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် ဆေးရုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအပါအဝင် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)အနေဖြင့် နေ့စဉ် အတွင်းလူနာများကို ကုသပေးနေရသည့်အတွက် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းနိုင်ရန်အတွက် ကိုဗစ်ကာလအတွင်း အသုံးပြုခဲ့သည့် အောက်ဆီဂျင်ဆလင်ဒါနှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

     ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောက်ဆီဂျင်ဆလင်ဒါနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက နေပြည်တော်ကောင်စီမှ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင် ဆလင်ဒါများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။