နေပြည်တော်၊ မတ် (၆) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ၂၀၂၃ ခုနှစ်၊ မတ်လ၊ (၆)ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးမှ မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိသည့် ဆေးနှင့် ဆေးပစ္စည်းများအား မိမိတို့ အခက်အခဲရှိသည့် အချိန်တွင် ကူညီ ထောက်ပံ့ပေး သည့်အတွက် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တကွ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာပြည်သူ ပြည်သားများ အားလုံးအား ကျေးဇူးအထူး တင်ရှိပါကြောင်း ကနဦး ပြောကြား၍ နှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထူးသဖြင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍ၊ တိုင်းရင်းဆေးပညာ ကဏ္ဍ၊ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍတို့တွင် ဆက်လက်၍ ပိုမို ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ၊ ကျန်းမာရေး ပညာရပ်ဆိုင်ရာ အတွေ့အကြုံ အသိပညာများ အပြန်အလှန် နှီးနှောဖလှယ်ရေး ကိစ္စရပ်များ၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ အစရှိသည်တို့အား ရင်းနှီးခင်မင်စွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန် (ပြည်ထောင်စုဝန်ကြီးရုံး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
