ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

     အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) သုတေသနပြုရေးနှင့်ကျန်းမာရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

      ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဝေသော Global Status Report on Road Safety (2023) အရ ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ယာဉ်တိုက်မှုကြောင့် သေဆုံးဦးရေသည် အရှေ့တောင်အာရှဒေသတွင် အများဆုံးဖြစ်ပြီး အသက် ၅ နှစ်မှ ၂၉ နှစ်အထိ လူငယ်များအများဆုံး သေဆုံးရသည့်အကြောင်းရင်းမှာ ယာဉ်တိုက်မှုကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယာဉ်တိုက်မှုများကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအပါအဝင် ကာကွယ်ရေးလုပ်ငန်းများသာမက ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်အကူအညီပေးခြင်းနှင့် ထိရောက်စွာဆေးဝါးကုသ ပေးခြင်းစသည့် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်ဆောင်ရွက်ခြင်း (Post-Crash Response)မှာလည်း အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းနှင့် အသက်ကယ်ထိုင်ခုံခါးပတ်မဝတ်ဆင်ခြင်းတို့ကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု များသဖြင့် ပညာပေးရေးလုပ်ငန်းများ အရေးကြီးပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်ဆောင်ရွက်ခြင်းကို ဆောင်ရွက်ရာတွင် အရေးပေါ်လူနာတင်ယာဉ်စနစ် (Emergency Medical Services-EMS) ပါဝင်ပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ ရှေးဦးအသက်ကယ်ပြုစုကုသမှု ဆောင်ရွက်နိုင်ခြင်း၊ လူနာကို ဆေးရုံသို့သယ်ဆောင်ချိန်တွင် လိုအပ်သော ပြုစုကုသမှုဆောင်ရွက်ပေးနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရ လူနာများအတွက် လိုအပ်သည့်ကုသမှုကို အချိန်မီဆောင်ရွက်ပေးနိုင်ခြင်းဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှု၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများနှင့် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် အရေးပေါ်ကုသမှုဆေးပညာတိုးတက်ရေးအတွက် အလေး ထားဆောင်ရွက်နေပြီး ပြည်သူ့ဆေးရုံအရေးပေါ်ဌာနများ အဆင့်မြှင့်တင်ခြင်း၊ အရေးပေါ်ကုသမှုဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များ/သူနာပြုများ လေ့ကျင့်သင်ကြားပေးခြင်း၊ လူနာ တင်ယာဉ်နှင့်အတူလိုက်ပါမည့် အသက်ကယ်ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ လူနာတင်ယာဉ်များ ကျယ်ပြန့်စွာ ဖြန့်ကျက်ထားရှိနိုင်ရေး စီမံဆောင်ရွက်ခြင်းနှင့် အရေးပေါ်လူနာတင် ယာဉ်စနစ် ထူထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စတင်ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်မြေ အရေးပေါ်လူနာတင်ယာဉ်စနစ်ကို နေပြည်တော်ရှိ မြို့နယ် (၇)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လူနာတင်ယာဉ်စခန်း (၇)ခု၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်စခန်း(၂)ခု၊ စုစုပေါင်း (၉)ခုဖွင့်လှစ်၍ အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် ယာဉ်တိုက်မှုကြောင့်ဖြစ်ပွားသည့် ထိခိုက်ဒဏ်ရာရရှိသော လူနာများအတွက် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ် လူနာတင်ယာဉ်စနစ်ကို ဆောင်ရွက်ခြင်းဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များ၌လည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက်လည်း ရည်ရွယ်ပါကြောင်း၊ ပါဝင်ဆောင်ရွက် သူများအားလုံးက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းအပေါ် စေတနာထားကာ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်းဖြစ်ပွားသည့် ယာဉ်တိုက်မှုအခြေအနေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လိုအပ်ချက်တစ်ရပ်ဖြစ်သည့် အရေးပေါ်လူနာတင်ယာဉ်စနစ် စတင် ဆောင်ရွက်နိုင်ခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအနေဖြင့်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်း၊ ပူးပေါင်းပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

     ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှု အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ဖွင့်လှစ်ထားရှိသည့် “EMS 192 Command and Control Center” သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုကာ လူနာတင်ယာဉ်များဖြင့် လူနာများ ကယ်ဆယ်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မှု သရုပ်ပြခြင်းများကို ကြည့်ရှုအားပေးခြင်း၊ လူနာတင်ယာဉ်ပြင်ဆင်ထားရှိမှုများနှင့် Ambulances Crew စုဖွဲ့မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ယနေ့ စတင်ဆောင်ရွက်သည့် နေပြည်တော်ကောင်စီနယ်မြေ အရေးပေါ်လူနာတင်ယာဉ်စနစ်ကို နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များတွင် လူနာတင်ယာဉ်စခန်း (၉)ခုဖွင့်လှစ်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိလူနာများရှိပါက အရေးပေါ်ခေါ်ဆိုမှု ဖုန်း နံပါတ် “192” ကို ခေါ်ဆိုပြီး လူနာတင်ယာဉ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် အရေးပေါ်လူနာတင်ယာဉ်စခန်း (၁၀)ခု ထားရှိကာ အမြန်လမ်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ အမြန်လမ်းတစ်လျှောက်ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရလူနာများကို အသက်ကယ်ပြုစု ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။