ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မေလ  ၂၉ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာမှူး၊ ဒေါက်တာဝင်းနိုင်နှင့် တာဝန် ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နေ့  နေ့လယ်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အထွေထွေရောဂါကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်များ၌ လူနာများ ဆေးကုသမှုခံယူလျက်ရှိသည့် အခြေအနေများ၊ လူနာခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဆေးရုံလုပ်ငန်းများ တိုးတက် ကောင်းမွန်စေရေး တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရှိရ၍ ကျေနပ်အားရမိပါကြောင်း၊ ယခုထက် ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစားကြ စေလိုပါကြောင်း၊ ကုသရေးလုပ်ငန်းများအပြင် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများ စသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန လုပ်ငန်းများကိုလည်း သွက်လက်လျင်မြန်စွာဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများ အလုံအလောက်ချထားပေးပြီး ဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့ပေးထားသည့်အတွက်ကြောင့် ပြည်သူများအကျိုးရှိစေရေး စနစ်တကျ သုံးစွဲရန်လိုအပ်ပါကြောင်း မှာကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုပါကြောင်း ပြောကြားပါသည်။

     ထို့နောက် ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့ ဆေးရုံအုပ် ဒေါက်တာသိန်းထွန်းက ဆေးရုံ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး အထူးကုဆရာဝန်ကြီးများက သက်ဆိုင်ရာ ဘာသာရပ် အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။