နေပြည်တော်၊ ၂၀၂၃-ခုနှစ်၊ မေလ (၂၉) ရက်
ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀၂၃) ခုနှစ်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်-
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း (၄၀၀) ခန့် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးဖြစ်ပွားကြောင်း၊
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် (၁၀) နှစ်ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂၀၂၀)ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁)ဦး၊ သေဆုံးသူ (၆၈)ဦး၊ (၂၀၂၁)ခုနှစ်တွင် ဖြစ်ပွားသူ (၅,၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂၂) ခုနှစ်တွင် ဖြစ်ပွားသူ (၂၄,၉၇၁) ဦး ၊ သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀.၄) ရာခိုင်နှုန်းခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊
သွေးလွန်တုပ်ကွေးရောဂါသည် ယခင်ကာလများတွင် မြို့ပြများတွင်သာ အဓိကဖြစ်ပွားခဲ့ရာမှ ယခုဆိုလျှင် ကျေးလက်ဒေသမများပါမကျန် ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိနေ၍ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
(၁-၁-၂၀၂၃) ရက်နေ့မှ (၂၀-၅-၂၀၂၃) ရက်နေ့အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦး ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိရ ကြောင်း၊
သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ခြင်မပေါက်ပွား စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်း သားများဖြစ်သည့် အသက် ၅ နှစ်မှ ၉နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျား လောက်လမ်းကင်းစင်ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
သက်ဆိုင်ရာဒေသများအလိုက် ခြင်ကျား/ပိုးလောက်လမ်း အဓိကတွေ့ရှိရသည့် ရေသိုလှောင်မှုပစ္စည်းများ၊ နေရာများ တူညီမှုမရှိသည့်အတွက် ဒေသနှင့် ကိုက်ညီမည့် ကျန်းမာရေးပညာပေးမှုများကို ဒေသအလိုက် ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း၊
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာများတွင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနများ၏ ကူညီပံ့ပိုးမှု၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုများ လိုအပ်ပါကြောင်း၊ ပြည်သူလူထုကိုယ်တိုင် ခြင်ကျားပိုးလောက်လမ်းကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၏ အရေးပါပုံကို သိမြင်လိုက်နာကျင့်သုံးလာစေရေးအတွက် ကျန်းမာရေးအသိပညာ မြှင့်တင်ပေးရန် လိုပါကြောင်း၊
သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့် Abate (ပိုးလောက်လမ်း သေဆေး)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ပညာပေးဗီနိုင်း၊ လုပ်ငန်းလမ်းညွှန် စာအုပ်များနှင့် ခြင်ဆေးဖျန်းစက် (Thermal Fogging Machine)များနှင့် ကုသရေးဆိုင်ရာဆေးဝါး များကို အကျိုးရှိထိရောက်စွာ အသုံးချရန်လိုအပ်ကြောင်း၊
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ကုသရေးတွေမှာ အရေးပါတဲ့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးအမျိုးအစား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)မှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်း လင်းတင်ပြပါသည်။
၎င်းနောက် တက်ရောက်လာသူများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု များနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
