ဆိုင်ကလုန်းမုန်တိုင်း မိုခါ အလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည် ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ခုနှစ် မေလ (၃၀) ရက်

     ဆိုင်ကလုန်းမုန်တိုင်း မိုခါ အလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် hybrid စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ က အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။

     ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က အဖွင့်အမှာစကားပြောကြားရာတွင်  ဆိုင်ကလုန်းမုန်တိုင်း မိုခါကျရောက်ခြင်းဖြစ်စဉ်၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြရာတွင် မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများနှင့် အနီးကပ်ကြီးကြပ်ပံ့ပိုးမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် မုန်တိုင်း ဒဏ်ပြင်းထန်စွာခံရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် အဆောက်အဦ အနည်းငယ်ပျက်စီးမှု များမှ လွဲ၍ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တန်ဖိုးကြီး စက်ကိရိယာများ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ မရှိခဲ့ဘဲ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မပျက်မကွက် ဆက်လက်ပေးအပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် (၁၅-၅-၂၀၂၃) ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ နယ်လှည့် အထူးကု ဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များက တိုက်နယ်ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှသည် ကျေးလက်ဒေသများသို့ ရောက်ရှိသည်အထိ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊

     ယခု မုန်တိုင်းအလွန်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက် ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗဟိုမှညှိနှိုင်းကွပ်ကဲရေးအဖွဲ့၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများကိုတွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးရန် ဖြစ်ပါကြောင်း၊

     မုန်တိုင်းအလွန်ကာလ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ၏ လမ်းညွှန်မှုကိုခံယူ၍လည်းကောင်း၊  ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

     မုန်တိုင်းအလွန်ကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ် အသွင်ဖြစ်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊
 ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ စစ်တွေသူနာပြု/သားဖွားသင်တန်း ကျောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်တွေ တိုင်းရင်း ဆေးရုံကြီး၊ မြို့နယ်တိုင်းရင်းဆေးခန်းများနှင့် စစ်တွေမြို့ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရုံး အမြန်ဆုံးပြင်ဆင်ပြီးစီးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

     အစီအစဉ်အရ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တင်ပြဆွေးနွေးရာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအမိုးများပြင်ဆင်ခြင်း၊ 200 KVA မီးစက်အား ပြင်ဆင်ခြင်း၊ ကျောက်ကပ်သန့်စင်ခြင်း၊ မျက်စိခွဲစိတ်ကုသခြင်း၊ သွားနှင့်ခံတွင်းရောဂါများ ကုသခြင်းတို့အတွက် ဆောင်ရွက်ခြင်း၊ Oxygen plant များ နှင့် ကွန်ပျူတာ ဓာတ်မှန် (CT scan) စက်ခန်းအား ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုလုပ်ငန်းများ ပုံမှန်ပြန်လည် စတင်နိုင်ပြီဖြစ်ကြောင်းနှင့် ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ မေ ၂၉ ရက်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့် အထူးကု ဆေးအဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက် တွင် လူနာ (၂၉၄)ဦးအား ကွင်းဆင်းဆေးကုသမှုပေးခဲ့မှု ရေနှင့်အစာမှတစ်ဆင့်ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးနေမှု၊ ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများ ဝေငှခြင်းတို့ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးပို့သည့် ဆေးနှင့်ဆေးပစ္စည်းများအား မြို့နယ်များသို့ ခွဲဝေဖြန့်ဖြူးအသုံးပြုနေမှု၊ ကျန်းမာရေးဌာန အဆောက်အအုံထိခိုက်ပျက်စီးမှုများအတွက် မိုးမကျမီအတွင်း အမြန်ဆုံး ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ တင်ပြခဲ့သည်။ 

     ဆက်လက်၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး က တင်ပြရာ မေ ၂၅ ရက်တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များက လက်ပံပြား ကျေးရွာနှင့် မနော်သီရိကျေးရွာများသို့ ကွင်းဆင်းသွားရောက်ခဲ့ခြင်း၊ မေ ၂၆ ရက်တွင် သဲခုံကျေးရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ခြင်း၊ မေ ၂၈ ရက်တွင် ငပိကျွန်းရှိ သရက်တောကျေးရွာနှင့် ရွာမကျေးရွာသို့ သွားရောက်ခဲ့ပြီး ရေသန့်စင်ဆေးပြား (၆၀၀၀) ကို ဖြန့်ဝေပေးခြင်းနှင့် လူနာ (၄၃၂)ဦးကို ရွေ့လျား ဆေးခန်းများ ဖွင့်လှစ်၍ ဆေးကုသပေးခြင်းများဆောင်ရွက်ခဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့်အခြေအနေများကို တင်ပြခဲ့သည်။

     ယင်းနောက် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး က တင်ပြရာ အရေးပေါ်တုန့်ပြန်ရေးဆေးအဖွဲ့များသည် မေ ၂၅ ရက်တွင် ဆန်ထိုးတန်းကျေးရွာ၊ မေ ၂၆ ရက်တွင် နားပဲ့ချောင်းကျေးရွာ၊ မေ ၂၇ ရက်တွင် ပြားချောင်းစံပြကျေးရွာ၊ မေ ၂၈ ရက်တွင် ကျားပိုက်ကေကျေးရွာတို့တွင် ရေသန့်စင်ဆေးပြား ၂၅၀၀ ပေးဝေခြင်း၊ အိမ်ခြေ (၁၄၀)တွင် အဘိတ်ခတ်ခြင်း၊ ရွေ့လျားဆေးခန်းများ ဖွင့်လှစ်၍ လူနာ (၁၈၃) ဦးကို ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့်အခြေအနေများကို တင်ပြခဲ့သည်။

     ဆက်လက်၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး က တင်ပြရာ အရေးပေါ်တုန့်ပြန်ရေးဆေးအဖွဲ့များသည် မေ ၂၅ ရက်တွင် ဂန္ဓာရီ IDP စခန်းနှင့် လမ်းမ IDP စခန်း၊ မေ ၂၆ ရက်တွင် ရန်အောင်မြေ IDP စခန်း၊ မေ ၂၇ ရက်တွင် မြတောင် IDP စခန်း၊ မေ ၂၉ ရက်တွင် ဝရကျွန်း ကျေးရွာအုပ်စု၊ ဆေးအိုးကျကျေးရွာတို့တွင် ကျန်းမာရေး အသိပညာပေးခြင်း၊ ရေသန့်စင်ဆေးပြားများ ဖြန့်ဝေခြင်း၊ ဆပ်ပြာများ ပေးဝေခြင်းနှင့် ရွေ့လျား ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ ဆောင်ရွက်ခဲ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့် အခြေအနေများကို တင်ပြခဲ့သည်။

     ဆက်လက်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး က တင်ပြရာ အရေးပေါ်တုန့်ပြန်ရေးဆေးအဖွဲ့များသည် မေ ၂၅ ရက်တွင် အင်းဒင် ကျေးရွာ၊ မေ ၂၆ ရက်တွင် အောင်သုခကျေးရွာတို့တွင် ဆေးခန်းဖွင့်လှစ်ဆေးကုသပေးခြင်း၊ ရေသန့်စင်ဆေးပြား (၁၀၀၀)ဖြန့်ဝေခြင်း၊ ကလိုရင်းဆေးခတ်ခြင်း၊ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ ဆောင်ရွက်ခဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့်အခြေအနေများကို တင်ပြခဲ့သည်။

     ဆက်လက်၍ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး က တင်ပြရာ အရေးပေါ်တုန့်ပြန်ရေးဆေးအဖွဲ့များသည် မေ ၂၄ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တွင် သာသနာ့ဗိမာန် IDP စခန်းနှင့် သာသနာ့ရက္ခိတ IDP စခန်းတို့တွင် သောက်ရေသန့် ဖြန့်ဝေခြင်း၊ ကလိုရင်းခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်များ ပေးဝေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ ပေးဝေခြင်းနှင့် ရွေ့လျားဆေးခန်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့်အခြေအနေများကို တင်ပြခဲ့သည်။

     ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်၊ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ကျန်းမာရေးစောင့်ရှောက် မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့်အခြေအနေများကို အသီးသီးတင်ပြကြသည်။
တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။