နေပြည်တော်၊ ၂၀၂၃ခုနှစ် ဇွန်လ (၁၅)ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် (၁၅.၆.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် မိုခါမုန်တိုင်းဒဏ်သင့် ကျန်းမာရေးဝန်ထမ်းများအား ဆန်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိုခါမုန်တိုင်း မကျရောက်မီ၊ ကျရောက်နေစဉ်နှင့် ကျရောက်ပြီးကာလများတွင် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျရာအခန်းကဏ္ဍမှ (၂၄)နာရီ ပတ်လုံး စဉ်ဆက်မပြတ်စောင့်ရှောက်ပေးနေသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူမိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းမကျရောက်မီကတည်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကြိုတင်ပြင်ဆင်ခဲ့မှုကြောင့် ကျန်းမာရေး အဆောက်အအုံများနှင့် စက်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ကြောင်း၊ ကြိုတင်ဖွဲ့စည်းထားသည့် Rapid Response Team များကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မုန်တိုင်းအလွန်ကာလသည် မိုးတွင်းကာလဖြစ်သည့်အားလျော်စွာ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများ စသည်တို့ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ (infrastructure)နှင့် ကုသရေးပိုင်းဆိုင်ရာများကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျန်းမာရေးဝန်ထမ်းများအား အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းများက ပရဟိတစိတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ပထမအကြိမ်စုပေါင်းလှူဒါန်းသည့် ကျပ်ငွေသိန်း(၃၀၀)ကျော်တန်ဖိုးရှိ ဆန်များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စုပေါင်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပါက မည်သည့်အခက်အခဲမဆို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းမိသားစုများအတွက် ဆန်များထောက်ပံ့ပေးအပ်လှူဒါန်းပါသည်။ ထို့နောက် ဝန်ထမ်းများကိုယ်စား ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ စစ်တွေမြို့သို့ရောက်ရှိကာ သင်တန်းကျောင်းပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေ၊ သင်တန်းသား၊ သင်တန်းသူများ စာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့၊ တိုင်းရင်းဆေးရုံသို့ ရောက်ရှိပြီး အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
