ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ “သူနာပြုသင်တန်းကျောင်း (တောင်ငူ)နှင့် သားဖွားသင်တန်းကျောင်း (တောင်ငူ)မြို့သို့သွားရောက်စစ်ဆေးခြင်း

နေပြည်တော် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက် (စနေ)နေ့

          ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ) ဒေါက်တာကျော်ခိုင်ဦး နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် (၉-၉-၂၀၂၃) ရက် (စနေ)နေ့ နံနက် (၉:၀၀) တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ သူနာပြုသင်တန်းကျောင်း ကို လည်းကောင်း၊ နံနက် (၁၀:၃၀) တွင် သားဖွားသင်တန်းကျောင်း ကို လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းများ၏ သင်ကြားရေး ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးကိစ္စရပ်များ နှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို စစ်ဆေးခဲ့ပါသည်။

    ထိုသို့ သွားရောက်စစ်ဆေးခဲ့စဉ် သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်၊ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ နှင့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သူ စုစုပေါင်း (၂၀၁)ဦး နှင့် သားဖွား သင်တန်းကျောင်း မှ ကျောင်းအုပ်၊ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ နှင့် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား/သူ စုစုပေါင်း (၈၄)ဦးတို့အား အသီးသီး တွေ့ဆုံနှုတ်ဆက်၍ သင်တန်းသား/သူများအား သူနာပြုအသက်မွေး ဝမ်းကျောင်းဆိုင်ရာ အရည်အသွေး ပြည့်ဝသော သူနာပြုများ ဖြစ်အောင် ကြိုးစားကြရန်၊ ကျောင်းစည်းကမ်းများကို လိုက်နာကြရန်၊ စာတွေ့ သာမက လက်တွေ့ပိုင်းဆိုင်ရာပါ ကျွမ်းကျင်ပြီး ခံယူချက်ကောင်းမွန်သော စိတ်နှလုံးများဖြင့် လူနာများကို ပြုစုပေးကြရန်၊ သင်တန်း ပြီးဆုံးပါက တာဝန်ကျရာဒေသများတွင် သူနာပြု ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးပြီး အကောင်းဆုံး လုပ်ဆောင်ကြရန်၊ လက်တွေ့ကွင်းဆင်းရာတွင်လည်းကောင်း၊ သင်တန်းကျောင်းသို့ လာရောက်ရာတွင်လည်းကောင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်ကြရန် နှင့် အစားအစာများကိုလည်း အရသာရှိရှိ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပေးကြရန်၊ သင်တန်းကျောင်း အဆောက်အဦးများ သန့်ရှင်း သာယာ လှပရေးကိုလည်း အလေးပေး ဆောင်ရွက်ရန် လမ်းညွှန် မှာကြား ခဲ့ပါသည်။
    ၎င်းနောက် သင်တန်းကျောင်းများအတွင်းရှိ စာကြည့်တိုက်၊ လက်တွေ့သရုပ်ပြခန်း၊ ကွန်ပျူတာခန်း၊ ထမင်းစားဆောင်၊ စားဖိုဆောင် နှင့် သင်တန်းသား/သူအိပ်ဆောင် ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နံနက် (၁၁:၃၀)တွင် ပြန်လည် ထွက်ခွာ ကြောင်း သတင်းရရှိပါသည်။