နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) နှင့် သားဖွားသင်တန်းကျောင်း(နေပြည်တော်) တို့၏ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း အောင်မြင်ပြီးမြောက်သည့် သင်တန်းသား/သူများအား “သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနား” ကို (၂၄-၁၀-၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)တွင် သားဖွားသင်တန်းကျောင်း (နေပြည်တော်)၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သူနာပြု/သားဖွားသင်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ နည်းပြများ၊ ဒုနည်းပြများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်ခံရသည့် မောင်/မယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းမှ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့၍ အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှု များကို တာဝန်ယူ ဆောင်ရွက်ကြမည့် သစ်လွင် သူနာပြုဆရာ/ ဆရာမများအား သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲဖြစ်၍ အင်မတန်မှ ဂုဏ်ယူဖွယ် အခမ်းအနား တစ်ခုဖြစ်ပါကြောင်း၊ ယခုအကြိမ်သည် နေပြည်တော်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ တတိယအကြိမ် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနား ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အနေဖြင့် အလွန်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်မှ လူမှုရေး ဦးတည်ချက်တွင် တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြုဆရာ/ ဆရာမများ၊ သားဖွားများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးရာတွင် ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ် တိုးမြှင့်လေ့ကျင့်မွေးထုတ်လျက်ရှိရာတွင် (၂၀၂၃)ခုနှစ်၊ အောက်တိုဘာလ၌ ယခု ဒီပလိုမာ လက်မှတ်ရသူများ အပါအဝင် (၁၈၃၅)ဦးကိုလည်း မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်များနှင့် သူနာပြု/သားဖွား/နှီးနွှယ် သင်တန်းကျောင်း များရှိ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ သူနာပြု-သားဖွားလောက ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြု-သားဖွားဒီပလိုမာရရှိရုံမျှနှင့် ရောင့်ရဲတင်းတိမ်မနေကြဘဲ အထူးပြုသူနာပြု ဒီပလိုမာသင်တန်းများ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) B.N.Sc(Bridge) ဘွဲ့မှသည် ပါရဂူဘွဲ့ ရသည်အထိ တက်လှမ်းနိုင်ပါကြောင်း၊ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် ထမ်းရွက်ရာ၌ မိမိတို့ တာဝန်ကျရာ နေရာဒေသ အသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြုများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရေးကို ပညာပြည့်ဝ နှလုံးလှစွာ ချိုသာပျူငှာ ဆက်ဆံကြပါရန်နှင့် အခြေခံ သူနာပြုစုမှုအတတ် ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော စိတ်ဓာတ်ကောင်းရှိသည့် သူနာပြုဆရာ/ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ မိမိတစ်ကိုယ်ရည် တိုးတက် အောင်မြင်ရေး မှ မိမိတို့၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာအဆင့်မြှင့်ရေးသို့ ဦးတည်လျက် တဆင့်ထက်တဆင့် တိုးတက်အောင် ကြိုးစားကြစေ လိုကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတတ်ပညာကို ပြည်သူလူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သော လုပ်ငန်းအဖြစ် ရေရှည် အောင်မြင်စေရန်အတွက် အသင်းအဖွဲ့စိတ်ဓာတ်၊ အပြုသဘော ဆောင်သော စိတ်ဓာတ်၊ ဆန်းသစ် တီထွင်လိုသော စိတ်ဓာတ်၊ အချင်းချင်း ညှိနှိုင်းဆောင်ရွက်လိုသော စိတ်ဓာတ်၊ အပြန်အလှန်လေးစားသော စိတ်ဓာတ်များ နှင့် ကြိုးစားဆောင်ရွက်ကြရန် အထူး အလေးထား မှာကြားလိုပါကြောင်း၊ သင်တန်းကာလမှ ယနေ့အထိ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်စေရန် ပံ့ပိုးပေးသည့် နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးဇူးသစ္စာကို စောင့်သိပြီး၊ တာဝန်ကျေပွန်သော သားကောင်း သမီးကောင်းများဖြစ်ဖို့ မျှော်မှန်းပါကြောင်း၊ မိမိတို့ဝာာဝန်ကျရာ အခန်းကဏ္ဍအသီးသီးမှ နိုင်ငံတော်၏အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြသည့် ဂုဏ်ယူထိုက်သော သူနာပြုဆရာ/ ဆရာမကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အောင်မြင်ပြီးမြောက်သူ (၁၀၉)ဦး တို့အား သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်း မှ ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး အခမ်းအနားကို နေ့လည် (၁၁:၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
