တပ်ကုန်း၊ နိုဝင်ဘာ ၂၉
(၂၀၂၀) ခုနှစ်တွင်ကျင်းပခဲ့သော (၇၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင် (၂၀၂၀-၂၀၃၀) ဆယ်စုနှစ်ကို Decade of Healthy Ageing ဟုသတ်မှတ်ခဲ့သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများက သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဦးစားပေးဆောင်ရွက် လျက်ရှိကြရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက် လျက်ရှိရာ သက်ကြီးပုဂ္ဂိုလ်များအား ပေါင်းစည်းကျန်းမာရေးစောင့်ရှောက်မှု Integrated Health Care Services ပေးခြင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါစောင့်ရှောက်မှုလုပ်ငန်းတွင် သက်ကြီးရွယ်အိုများ၏ မှတ်ဉာဏ်စွမ်းရည်၊ လုပ်ရှား နိုင်မှုစွမ်းရည်၊ အာဟာရချို့တဲ့မှု၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့ကို ဆန်းစစ်ခြင်းနှင့် နေ့စဉ်လူမှုဘဝတွင် နေထိုင်လှုပ်ရှားမှုများဖြစ်သည့် ရေချိုးခြင်း၊ အဝတ်ဝတ်ခြင်း၊ ရေအိမ်သွားခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အစာစားခြင်း စသည့် ဆောင်ရွက်နိုင်မှုအခြေအနေကို ဆန်းစစ်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည့် မကူးစက်နိုင်သောရောဂါတို့ကို စစ်ဆေးကုသမှုပေးခြင်း၊ သက်ကြီးရွယ်အိုများနှင့် သင့်လျော်သည့် အာဟာရကျွေးမွေးခြင်းနှင့် အာဟာရမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စုပေါင်းကိုယ်လက် လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သက်ကြီးရွယ်အို အချင်းချင်း ဆွေးနွေးပြောဆိုနိုင်ရန် စကားဝိုင်းများ စီစဉ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးလျက်ရှိပါသည်။
ပေါင်းစည်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် သက်ကြီးရွယ်အိုများသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုကို ကျန်းမာရေးဌာနတစ်နေရာတည်းတွင် ရရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စား သောက်တတ်လာခြင်း၊ မိသားစုဝင်များကလည်း ပံ့ပိုးကူညီပေးရ မည့်နည်းလမ်းများကို သိရှိဆောင် ရွက်လာနိုင်ခြင်း၊ ၎င်းတို့၏ ကျန်းမာရေးတိုးတက်မြင့်မားလာ ခြင်း၊ ကျန်းမာရေးဌာနများအပေါ် ပိုမိုယုံကြည်အားကိုးလာခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိနိုင် မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာ ရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သက်ကြီးပုဂ္ဂိုလ်များအား Integrated Health Care Services ပေးခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနသို့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သက်ကြီးပုဂ္ဂိုလ် (၅၀) ဦးလာရောက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ကြပြီး လာရောက်ပြသသည့် အဘိုးအဘွားများ အား ပေါင်မုန့်၊ ကြက်ဥ၊ ငှက်ပျောသီး၊ နို့ စသည့် အာဟာရကျွေးမွေးခဲ့ပါသည်။ ထို့အပြင် ပေါင်းစည်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ပါဝင်သည့် နေ့စဉ်လူမှုဘဝတွင် နေထိုင် လှုပ်ရှားမှုများဖြစ်သည့် ရေချိုးခြင်း၊ အဝတ်ဝတ်ခြင်း၊ ရေအိမ်သွားခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အစာစားခြင်းစသည့် ဆောင်ရွက် နိုင်မှုအခြေအနေကို ဆန်းစစ်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစသည့် မကူးစက် နိုင်သောရောဂါတို့ကို စစ်ဆေးကုသမှုပေးခြင်း၊ စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အခြေခံကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို နေပြည်တော် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ပြည်သူ့ကျန်းမာ) ဒေါက်တာအေးအေးမာနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရုံးချုပ်)မှ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှုစီမံချက်မန်နေဂျာ၊ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံချက်၊ အာဟာရဖွံ့ဖြိုးရေး ဌာနခွဲနှင့် ကုသရေးဦးစီးဌာန(သွားကျန်းမာပညာဌာနခွဲ)တို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ကြပါသည်။
