NAYPYITAW STATE ACADEMY၊ ဆေးသိပ္ပံပညာမဟာဌာန (FACULTY OF MEDICINE) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ (၂၃)

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာန (Faculty of Medicine) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ ဆေးတက္ကသိုလ် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဖိတ်ကြားထားသူများ၊ ဆရာ/ ဆရာမများနှင့် Naypyitaw State Academy, Faculty of Medicine သို့ တက်ရောက်ကြမည့် သစ်လွင် ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။

     ဦးစွာ Faculty of Medicine အဆောက်အအုံရှေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌတို့က Naypyitaw State Academy၊ ဆေးသိပ္ပံပညာမဟာ ဌာန (Faculty of Medicine) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

     ယင်းနောက် ပင်မဆောင် ပထမထပ်ရှိ Function Hall အတွင်း Naypyitaw State Academy, Faculty of Medicine ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်နှင့် နေပြည်တော်မှာ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ် မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန် ရည်ရွယ်၍ Naypyitaw State Academy ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ Naypyitaw State Academy ကို ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုကို အခြေခံတဲ့ သင်ကြားသင်ယူမှုကို အားပေး ချီးမြှောက်ပြီး အသုံးချသုတေသနများနဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင် ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ် တစ်ခုဖြစ်စေရန် ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ Naypyitaw State Academy ကို စတင်ဖွင့်လှစ်စဉ် ကတည်းက Faculty System ဖြင့် တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ လူမှုရေးပညာ မဟာဌာန၊ အားကစားပညာမဟာဌာနဆိုတဲ့ မဟာဌာနကြီး (၇)ခုဖြင့် Comprehensive University အဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံးတည်ထောင် ဖွင့်လှစ်နိုင်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါကြောင်း၊ ယနေ့မှာတော့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆေးသိပ္ပံပညာမဟာဌာနကို စတင်ဖွင့်လှစ်နိုင်ပြီး ဆေးပညာပထမနှစ် သင်တန်းမှာ ကျောင်းသား/ ကျောင်းသူ (၃၁)ဦးကို စတင်လက်ခံသင်ကြားတော့မှာဖြစ်ပါကြောင်း၊ Naypyitaw State Academy မှာ ‌ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန် အရည်အသွေးရှိသော သင်ကြားသင်ယူမှုစနစ်ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ခေတ်မီသင်ရိုး ညွှန်းတမ်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ Internet Access နှင့် e-library ပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည်များကို နှစ်အလိုက် ဖြည့်ဆည်းပေးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရာမှာ အဓိကကျတဲ့ ဆရာဝန်များအား မွေးထုတ်ပေးနိုင်မည့် (၆) ခုမြောက် ဆေးတက္ကသိုလ်အဖြစ် Naypyitaw State Academy မှာ ဆေးသိပ္ပံပညာမဟာဌာန ဖွင့်လှစ်နိုင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့မှာတော့ Naypyitaw State Academy, Faculty of Medicine မှာ ဆေးပညာဘွဲ့အတွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ကျောင်းသား/ကျောင်းသူ (၃၁)ဦးဖြင့် ဆေးပညာအခြေခံနှစ် သင်တန်း (Foundation Year) မှစတင် တက်ရောက်ရမှာဖြစ်ပါကြောင်း၊ ဒီဆေးပညာဘွဲ့သင်တန်းရဲ့ သင်ရိုးညွှန်းတမ်းအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ ဆေးတက္ကသိုလ်(၅)ခုနှင့် တပ်မတော်ဆေးတက္ကသိုလ်တို့မှာ လက်ရှိသင်ကြားလျက်ရှိတဲ့ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်း ဖြစ်တဲ့ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်းသင်ရိုးညွှန်တမ်း Outcome Based Integrated Curriculum နဲ့ အသုံးပြုသင်ကြား ပေးမှာဖြစ်ပါကြောင်း၊ သင်ကြားရေးအတွက် အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်မီတဲ့ ဆရာ/ဆရာမများအား ခန့်ထားပြီးဖြစ်သလို လိုအပ်သလို ဆက်လက် ခန့်အပ်ပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်ကြားရေးပိုင်းအတွက် အဓိကလိုအပ်တဲ့ (Learning Teaching Aids) သင်ထောက်ကူပစ္စည်းများကိုလည်း ခေတ်မီနည်းပညာမြင့်၊ အရည်အသွေးမြင့် သင်ထောက်ကူ ပစ္စည်းများနဲ့ ဖြည့်ဆည်းပေးထားပါကြောင်း၊ ဆေးလက်တွေ့ လေ့လာမှုများ ဆောင်ရွက်နိုင်ဖို့အတွက် နေပြည်တော်ရှိ သင်ကြားရေးဆေးရုံကြီးများတွင် အတွေ့အကြုံရင့်ကျက်တဲ့ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်အတွက် လိုအပ်သော Up-to-date စာအုပ်များ၊ Textbook များ၊ Journal များ၊ Online Learning Platform များ၊ ဓာတ်ခွဲခန်းများ၊ ပုံတူလေ့ကျင့်နိုင်ရေး (Simulations) များအပါအဝင် ခေတ်မီ သင်ထောက်ကူပစ္စည်းများကို လက်ရှိဖြည့်ဆည်း ပေးထားသည့်အပြင် ဆက်လက်ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် နေထိုင်သွားလာရေး အဆင်ပြေစေဖို့အတွက် အဆောင် နေထိုင်လိုသူများကို အဆောင်များစီစဉ်ထားပြီး ယခု ဆေးသိပ္ပံပညာမဟာဌာနကို နိုင်ငံတကာ အရည်အသွေးအသိအမှတ်ပြု မဟာဌာနကြီးဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး “Quality Culture” (အရည်အသွေးအလေးထားတဲ့ ဓလေ့ထုံးစံ) ဖြစ်တဲ့ တက္ကသိုလ်ပညာရေးစံတစ်ခု ပုံဖော်နိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ခံယူချက်မှန်ကန်ပြီး ကျင့်ဝတ်နှင့် ပြည့်စုံသော ဆရာဝန်ကောင်းများ မွေးထုတ်နိုင်ဖို့ ဆရာ/ဆရာမများကိုယ်တိုင် စံနမူနာပြ နေထိုင်ပြုမူပြောဆို ကျင့်ကြံပြသပေးရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေနဲ့လည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက အားကိုးအားထား ပြုရသော ပညာပြည့်ဝနှလုံးလှသော ဆရာဝန်ကောင်းများ၊ နိုင်ငံတော်ရဲ့ ကျေးဇူးတရားကို ယုံကြည်ချက်၊ ခံယူချက်၊ ခိုင်ခိုင်မာမာနဲ့ ပြည်သူလူထုကိုကျေးဇူးဆပ်နိုင်သော အဖိုးတန် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) တို့က ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့အား Naypyitaw State Academy, Faculty of Medicine ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြ၍ တက်ရောက် လာကြသည့် ဆရာ/ဆရာမများနှင့် သစ်လွင်မောင်မယ် ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Function Hall အတွင်း ခင်းကျင်းပြသထားသော ဆေးသိပ္ပံပညာမဟာဌာနတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများနှင့် စာအုပ်စာတမ်းများ၊ Naypyitaw State Academy အတွင်းရှိ လက်တွေ့ခန်း၊ စာသင်ခန်းများကို ကြည့်ရှုပြီး Smart Lecture Room အတွင်း ဆေးပညာအခြေခံနှစ် ဘာသာရပ်သင်ခန်းစာများကို အဆင့်မီသင်ကြားနေမှုအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။