မြိတ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြိတ်မြို့ အလက(၁) အထက(ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကုသပေးခြင်းကို “ လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြင့်တင်စို့ ” ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား အစားအစာများတွင် စားသုံးရန်မသင့်သော ဓာတု ဆိုးဆေးနှင့် တာရှည်ခံဆေးများ အကြောင်း သိကောင်းစရာကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စနစ်မှန်သွားတိုက်နည်းနှင့် လက်တွေ့ပြသပညာပေးခြင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဟောပြော ပညာပေးကြသည်။
ထို့နောက် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေး ခြင်းနှင့် သွားရောဂါကုသပေးခြင်း၊ ကိုယ်အလေးချိန်၊ အရပ်တိုင်းတာခြင်း၊ အသက် အရွယ်နှင့် အာဟာရစံနှုန်း (BMI)စစ်ဆေးတိုင်းတာခြင်း၊ ပျိုဖော်ဝင်မိန်းကလေးငယ်များအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကျောင်း မုန့်ဈေးတန်းစစ်ဆေးခြင်း၊ မူလတန်းကလေးငယ်များ အား စနစ်မှန်သွားတိုက်နည်း လက်တွေ့ဆောင်ရွက်စေခြင်း ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောင်းကျန်းမာရေး အသိပညာပေး စစ်ဆေး ကုသဆောင်ရွက်ပေးရာတွင် ဒု-ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်နွဲ့ နှင့် ဒေါက်တာ ဝင်းချိုချိုအောင်တို့ ဦးဆောင်၍ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များက ကျောင်းသား/သူ(၄၁၇)ဦးကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဆေးကုသပေးခဲ့သူ (၂၅)ဦးရှိကာ သွားရောဂါအနေဖြင့် (၃၆)ဦးကို မြိတ်ပြည်သူဆေးရုံကြီးမှ သွားရောဂါအထူးကုဆရာဝန်ကြီးအဖွဲ့မှ ကုသမှုပေးခဲ့သည်။ ထိုသို့ကျောင်းကျန်းမာရေး အသိပညာပေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်နေမှုအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
