နေပြည်တော် ဒီဇင်ဘာ ၆
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ ပထမနေ့ အစီအစဉ်များကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပလျက်ရှိရာ နေ့လည်ပိုင်း ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးခြင်း အစီအစဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) သည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပ ပြုလုပ်သည့် ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ စုစုပေါင်း ကော်မတီ (၁၂) ရပ်ဖွဲ့စည်း၍ နှီးနှောဖလှယ် ပွဲ ကျင်းပနိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးကဏ္ဍသည် အဓိကအရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရေးအတွက် ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင် ရွက်သွားနိုင်ရေး လုပ်ငန်းလမ်းညွှန်မှုကို စနစ်တကျ လက်တွေ့အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်မှသည် မွေးကင်းစအရွယ်၊ ကလေးအရွယ်၊ ကျောင်းနေအရွယ်၊ ဆယ်ကျော်သက် အရွယ်၊ လုပ်ငန်းခွင်ဝင်သည့်အရွယ်မှ သက်ကြီးဘိုးဘွားအရွယ်အထိ လူ့ဘဝ၏ အသက်အရွယ် အပိုင်း အခြားအလိုက် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်တားဆီး ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကို ကျေးလက်ဒေသ အောက်ခြေအထိ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများအား စဉ်ဆက်မပြတ် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကာကွယ်ဆေးများ ပံ့ပိုးပေး ခြင်း၊ ကျန်းမာရေးသတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသုံးစရိတ်များကို လုံလောက်စွာ ခွဲဝေချထားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ ကျန်းမာရေးကဏ္ဍ၌ အောင်မြင်မှုမှတ်တိုင်များအဖြစ် (၁၉၈၆)ခုနှစ်တွင် ဆာဆာကာဝါဆုရရှိခဲ့ခြင်း၊ အနာကြီးရောဂါ ကင်းဝေးသည့်နိုင်ငံအဖြစ် (၂၀၀၃) ခုနှစ်တွင်ရရှိခဲ့ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစ ကလေး မေးခိုင်ရောဂါကင်းဝေးသည့်နိုင်ငံအဖြစ် (၂၀၁၀)ခုနှစ်တွင်ရရှိခဲ့ပြီး ပိုလီယိုရောဂါ ကင်းစင်သည့် နိုင်ငံအဖြစ် (၂၀၁၄) ခုနှစ်တွင် ရရှိခဲ့ခြင်း၊ မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးသည့်နိုင်ငံအဖြစ် (၂၀၂၀)ခုနှစ်တွင်ရရှိခဲ့ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားသူများ အတွက် အီလက်ထရောနစ်စနစ်ဖြင့်မှတ်တမ်းများဆောင်ရွက်မှု (Vaccine Management Information System) အတွက် Digital Government Award အား(၂၀၂၁)ခုနှစ်တွင် ရရှိခဲ့ခြင်းတို့ဖြစ်ကြောင်း၊ ထိုသို့ ရရှိခဲ့သည့် အောင်မြင်မှုများကိုအခြေခံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စံအဖြစ် သတ်မှတ်ထားသည့် သတ်မှတ်အညွှန်းကိန်းများအညီ ရှေ့ဆက်လက်၍ အောင်မြင်မှုများရရှိရာမှ နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုကျင်းပသည့် နှီးနှောဖလှယ် ပွဲတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်း နိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ ပြင်သစ်နိုင်ငံ အစရှိသည့် ပြည်ပနိုင်ငံများမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၂၄)ဦးအနေဖြင့် အတွေ့အကြုံကောင်းများ၊ အောင်မြင်မှုများ၊ နည်းလမ်းသစ်များကို မျှဝေသွားမည်ဖြစ် ကြောင်း၊ နှီးနှောဖလှယ်ပွဲ အကြိုလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ဆက်လက်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပိုမိုအရှိန်အဟုန် မြှင့်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ မိမိတို့၏ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်သည့် ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုနည်းလမ်းကောင်းများကိုဖော်ထုတ်၍ နှီးနွယ်ဆက်စပ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးသည့်အစီအစဉ်တွင် မျိုးဆက်ပွား၊ မိခင်နှင့်မွေးကင်းစ ကလေးသူငယ်၊ ပျိုရွယ်သူနှင့် သက်ကြီးရွယ်အိုကျန်းမာရေးတိုးတက်မှုအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း (Building foundation for future reproductive, maternal, newborn, child, adolescent and elderly health and development) ခေါင်းစဉ်တွင် သဘာပတိများအဖြစ် ဒေါက်တာ သိန်းသိန်းဌေး၊ ဒုတိယဝန်ကြီး(အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တွဲဘက်သဘာပတိ ဒေါက်တာ မြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမှ Dr Kittipong Saejeng, Medical Doctor, Ministry of Public Health၊ မလေးရှားနိုင်ငံမှ Dr Narimah Awun, Formerly Regional Advisor, WHO-SEARO၊ India နိုင်ငံမှ Dr Rajejsh Mehta, Formerly Regional Advisor, WHO-SEARO၊ သီရိလင်္ကာနိုင်ငံမှ Dr Anoma Basnayake, Public Health Specialist and International Consultant, WHO နှင့် တရုတ်နိုင်ငံမှ Dr. Jin Xu, Assistant Professor, Peking University၊ Professor Lokumeegodage DJU Senarath, University of Colombo တို့က တက်ရောက်ဆွေးနွေးကြပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Dr.Chandra Mouli, Previously with Department of Sexual & Reproductive Health & Research က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။
နှီးနှောဖလှယ်ပွဲ ပထမနေ့၊ နံနက်ပိုင်းတွင် အခန်း (၃)ခန်းခွဲ၍ ကျင်းပခဲ့ရာ အခန်း (၁) မိခင် နှင့်ကလေးကျန်းမာရေးကဏ္ဍတွင် Saving lives of mothers and children: Synergistic approaches for sustaining Achievements and Accelerating Progress to RMNCAH related SDGs and go beyond SDGs ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ သဘာပတိအဖြစ် ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့ကျန်းမာရေးပညာရှင် Dr Huang Yangmu, Professor and Vice Director, Peking University၊ စင်ကာပူနိုင်ငံမှ Dr Chan Xuan Hao, Technical Advisor to CHAI and UNICEF (eLMIS)တို့နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၅) ဦးတို့ကလည်းကောင်း၊ အခန်း (၂) တွင် ပါမောက္ခ ဒေါက်တာနေဝင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ Take actions: All hands for NCD prevention and control SDGs ခေါင်းစဉ်ဖြင့် ပါမောက္ခ/ ဌာနမှူး (ဆေးပညာ) ဒေါက်တာကိုကို၊ ပါမောက္ခ/ဌာနမှူး (နှလုံးကုသမှု) ဒေါက်တာနွယ်နွယ်နှင့် ပြည်သူ့ကျန်းမာရေးပညာ ရှင် (၂)ဦးမှ တက်ရောက်ဆွေးနွေးကြပြီး ရုရှားနိုင်ငံမှ Professor Ksenia Shelekhova, MD, PhD – head of pathology department Napalkobov Cancer center က Virtual စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အခန်း (၃) တွင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက သဘာပတိအဖြစ်ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ် ကျရောက်စဉ်ကာလတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ Good practice on health sector preparedness, response and recovery to disasters maintaining essential Public Health Services ခေါင်းစဉ်ဖြင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၅)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
နေ့လည်ပိုင်းတွင် အခန်း(၄)ခန်းခွဲ၍ အခန်း(၁)တွင် Digital Transformation in health information and health care ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမှုကို ဒေါ်အေးအေးစိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သဘာပတိအဖြစ် ဦးဆောင် ဆွေးနွေးခဲ့သည်။ အခန်း (၂) တွင် ပါမောက္ခဒေါက်တာနွဲ့နွဲ့ဦး၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက သဘာပတိအဖြစ် ဆောင်ရွက်သည့် ဆွေးနွေးခန်းတွင် ပြည်သူ့ကျန်းမာရေး ပညာရပ်သင်ကြားရေး နှင့်ပတ်သက်၍ Empowering Public Health Education: Essential for addressing 21st century community challenges through academic institutions ခေါင်းစဉ်ဖြင့် ပညာရှင်(၄)ဦးမှ ဟောပြောဆွေးနွေးခဲ့သည်။
အခန်း (၃)တွင် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနက သဘာပတိ အဖြစ် ဆောင်ရွက်သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်သည့် Achieving the SDG 3.3: Bringing innovations to communicable diseases control and elimination ခေါင်းစဉ်ဖြင့် Ms. Li Jiayin, Coordinator of Health Poverty Action, Myanmar၊ Mr. Roberto Garcia Saez, CEO, Sorbonne University နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၃) ဦးတို့က အသီးသီးဆွေးနွေးခဲ့ကြသည်။
အခန်း (၄) တွင် ဒေါက်တာတင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနက သဘာပတိအဖြစ်ဆောင်ရွက်သည့် ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကင်းစင် ရေးနှင့်ပတ်သက်၍ Road map on Maintaining Polio-free status and achieving Measles and Rubella elimination ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၅)ဦးမှ အသီးသီးဆွေးနွေးခဲ့သည်။
နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ ဆွစ်ဇာလန် အစရှိသည့်နိုင်ငံများမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၁၁)ဦးနှင့် ပြည်တွင်းမှပညာရှင် (၂၆)ဦးက စာတမ်း (၃၇)စောင် ဟောပြောဆွေးနွေးခဲ့ပြီး၊ ပြခန်း (၄၀)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြသ၍ ပညာရပ်ဆိုင်ရာ စာတမ်းပိုစတာ (၂၇)စောင် တင်သွင်းခဲ့ကာ ပြည်တွင်း၊ ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ (၁,၈၀၀) ဦးခန့် တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာ ဖလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
