| ရန်ကုန်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Linear Accelerators – LA) စတင်အသုံးပြုခြင်းအခမ်းအနားသို့ တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အငြိမ်းစားကျန်းမာရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ခန်း(၁) ဖြစ်သည့်Radixact စက်ခန်း၊ စက်ခန်း(၂)ဖြစ်သည့် Halcyon စက်ခန်း၊ CT Simulator စက်ခန်း၊ စက်ခန်း(၃)ဖြစ်သည့် Vital Beam စက်များ၏ စက်ခန်းများရှေ့တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ တာဝန်ရှိသူများက စက်လည်ပတ်ပုံနှင့် အသုံးပြုပုံကိုရှင်းလင်းပြသပါသည်။ Radixact စက်အမျိုးအစားသည် ဉီးနှောက်နှင့်ကျောရိုးကင်ဆာများ၊ ကလေးကင်ဆာရောဂါများ၊ အရွယ်အစားကြီးမားသည့်ကင်ဆာများကို ကုသချိန်မြန်ဆန်စွာဖြင့် ကုသနိုင်ခြင်း၊ Halcyon စက်အမျိုးအစားသည် ကင်ဆာအမျိုးအစားမျိုးစုံကို ကုသချိန်မြန်ဆန်စွာဖြင့်လူနာများစွာကိုကုသနိုင်ခြင်း၊ Vital beam စက်သည် ရောင်ခြည်စွမ်းအားမျိုးစုံ၊ ပြင်းအားမျိုးစုံပါဝင်သောကြောင့် လိုအပ်သလိုပြောင်းလဲအသုံးပြုနိုင်ပြီး အရေပြားကင်ဆာအပါအဝင် ကင်ဆာမျိုးစုံကို ကုသနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် စက်ခန်းများနှင့် အထောက်အကူပြုစက်တို့အား လှည့်လည် ကြည့်ရှုကြပြီး လူနာများအားလက်ဆောင်ပစ္စည်းများပေးအပ်ကြပါသည်။ | |
![]() |
![]() |
| ဆက်လက်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန၊ (၅)ထပ်ဆောင် အစည်းအဝေးခန်းမ၌ အခမ်းအနားဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကမ္ဘာမှာ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုများလာပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတိုးတက်များပြား လာပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှု များကို ပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်များပြားလာတဲ့ ကင်ဆာရောဂါကုသရေး လုပ်ငန်းများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးရေတို၊ ရေရှည်စီမံကိန်းများချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ မှာ ကင်ဆာရောဂါကုသဌာနများ ရာနှုန်းပြည့်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ၂၀၂၄ ခုနှစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတို့၌ LA စက်အသစ်တစ်လုံးစီတို့ကို တိုးချဲ့တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများသာမက ပုဂ္ဂလိကဆေးရုံ (၅)ရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ရောဂါ ကုသမှုလုပ်ငန်းများအားခွင့်ပြုထားပြီး အဆိုပါဆေးရုံများတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့မှ ရွေးချယ်ပေးသော ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူရမည့်လူနာများအား အခမဲ့ဓာတ်ရောင်ခြည်ကုသမှုများ အားဖြည့်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့အပြင်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်များ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း စနစ်တကျမွေးထုတ် သင်ကြားလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါကုသရေးနှင့် သုတေသနပြုရေးအတွက်ရည်ရွယ်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စနစ်တကျစီမံကိန်းချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့မှစတင်၍ LA စက် (၃)လုံး စတင်အသုံးပြုနိုင် ပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကလည်း နေ့ဆိုင်းညဆိုင်းဖြင့် အားသွန်ခွန်စိုက်ကုသပေးမှုကြောင့်၊ တစ်ရက်လျှင် စုစုပေါင်းလူနာ (၂၀၀)ဦးမှ(၄၀၀)ဦးအထိ တိုးမြှင့်ကုသ ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူနာများစိတ်အေးချမ်းသာစွာကုသမှုခံယူနိုင်ရေးအတွက် သွားလာရေးနှင့် စားသောက်ရေးအဆင်ပြေအောင် စီစဉ်ပေးထားပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးထားပါကြောင်း၊ ခေတ်မီဓာတ်ရောင်ခြည်ကုသစက်များ ရောက်ရှိချိန်မှစ၍ တပ်ဆင်အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ရာတွင် နည်းပညာပိုင်း ဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အနုမြူစွမ်းအင်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အငြိမ်းစားဆေးပညာရှင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁) ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင် ရှိပါကြောင်း၊ နိုင်ငံတော်၏ များပြားသောရင်းနှီးစိုက်ထုတ်မှုဖြင့် ဝယ်ယူထားသောစက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကင်ဆာရောဂါ ဝေဒနာရှင်များအား ရေရှည်ကုသမှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ကုသမှုပေးရာမှာ ကိုယ်ချင်းစာတရား၊ အကြင်နာတရားထားရှိကာ ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံ ကြရန်၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာန အမြန်တည်ဆောက်ပြီးစီးကာ ပိုမိုတိုးတက်၍ ပြည်သူလူထုအားကိုးရတဲ့ ဌာနကြီးဖြစ်လာစေရန်အတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာ သီတာလှက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။ | |
![]() |
![]() |
| အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဆေးရုံ (၅)ထပ်လူနာဆောင်အား ငွေကျပ်(၉.၂)ဘီလီယံ၊ ဆေးရုံ စက်ခန်းများနှင့် ဆက်စပ်လုပ်ငန်းများအတွက် (၁၆.၉)ဘီလီယံ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းအတွက် (၄.၉)ဘီလီယံ၊ ဆေးရုံသုံးရေဒီယို သတ္တိကြွစွန့်ပစ်ပစ္စည်းထိန်းသိမ်းရေး ကွန်ကရစ်သိုလှောင်ကန်လုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများအတွက် (၁.၄)ဘီလီယံ၊ စုစုပေါင်း ငွေကျပ် (၃၂)ဘီလီယံကျော်ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ (၂၀၂၅)ခုနှစ်အတွင်း (၈)ထပ်လူနာဆောင် ပြီးစီးအောင်ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ တာဝန်ယူ ဆောက်လုပ်ပေးလျက်ရှိပါသည်။ ယနေ့ဖွင့်လှစ်သည့် ကင်ဆာရောဂါကုသစက်(၃)လုံး၏တန်ဖိုးမှာ မြန်မာငွေကျပ် (၃၂.၅)ဘီလီယံ တန်ဖိုးရှိပြီး အဆိုပါစက်များနှင့်အတူ တွဲဖက် အသုံးပြုရသည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက် (CT Simulator) (၁)လုံး၏တန်ဖိုးမှာ မြန်မာငွေကျပ် (၂.၅၅)ဘီလီယံ တန်ဖိုးရှိကြောင်းသတင်း ရရှိပါသည်။ | |
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ စတင်အသုံးပြုခြင်းအခမ်းအနားသို့ တက်ရောက်
in








