မြန်မာနိုင်ငံသွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အား အသိပေးခြင်း

နေပြည်တော်၊ ဇန်နဝါရီလ(၂၄)ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ၊ (၂၄)ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံသွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုစီမံချက်အား အသိပေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များ အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်  ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားမှုဦးစီးဌာနမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများနှင့် အထူးဖိတ်ကြားထားသော ပညာရှင်များ တက်ရောက်ခဲ့ပါသည်။     
      အမှာစကားပြောကြားရာတွင် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်အရေးကြီးကြောင်း၊ သွားနှင့်ခံတွင်းရောဂါများသည် မကူးစက်နိုင်သော ရောဂါအမျိုးအစားတွင်ပါဝင်ပြီး အထွေထွေရောဂါများ၏ ရှေ့ပြေးလက္ခဏာများအဖြစ် ခံတွင်း၌ ရှေ့ဦးစွာကြိုတွေ့နိုင်ပြီး ခံတွင်းရောဂါများသည်လည်း အထွေထွေကျန်းမာရေးများအား ထိခိုက်စေနိုင်ခြင်းတို့ကြောင့် ခံတွင်းကျန်းမာနေစေရန် ဆောင်ရွက်ရမည့်အချက်အလက်များကို သတိထားပြီး ကျန်းမာစွာနေထိုင်မှုဘဝပုံစံဖြင့်နေထိုင်နိုင်ရန်၊ ပြည်သူများ သက်တမ်း စေ့နေနိုင်ရေးအတွက် သက်ကြီးရွယ်အိုများအား သွားတု(အံကပ်)များတပ်ဆင်ပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် ခေတ်မီနည်းပညာစနစ်သုံး သွားဘက်ဆိုင်ရာ ဆေးပညာ (Digital Dentistry) ဖြင့် ကုသမှုများကို ပြည်သူများလက်လှမ်းမှီစေရန် ဘွဲ့လွန်သင်တန်းသားများ၊ သွားနှင့်ခံတွင်းဆရာဝန်များ၊ သွားဘက်ဆိုင်ရာသူနာပြု၊ သွားဘက်ဆိုင် ရာအကူသူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်(သွားတု)တို့ တိုးချဲ့မွေးထုတ်ပြီး ပြည်သူများအား သွားနှင့်ခံတွင်းရောဂါ ကုသပေးခြင်းဝန်ဆောင်မှုတို့ကို သင်ကြားရေးဆေးရုံများနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပိုမိုဆောင်ရွက်ကြရန်၊ ကျေးလက်ဒေသများအထိ ပဏာမသွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အစီအစဉ်များရေးဆွဲဆောင်ရွက်ကြရန်၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွားနှင့်ခံတွင်းဆရာဝန်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ အခြေခံမရှိမဖြစ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ၂၀၃၀ ခုနှစ် ရည်မှန်းချက်များပြည့်မှီအောင် စနစ်တကျစီမံဆောင်ရွက်သွားကြရန်၊ ပုဂ္ဂလိကသွားနှင့်ခံတွင်းဆရာဝန် များအနေဖြင့် ဝန်ထမ်းသွားဘက်ဆိုင်ရာဆရာဝန်များ မြို့နယ်အဆင့်များအထိ ပူးပေါင်းဆောင်ရွက်ကြရန်၊ ခေတ်မီသွားဘက်ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို လိုအပ်သလို ထောက်ပံ့ပေးလျက်ရှိပြီး၊ ၎င်းစက်ပစ္စည်းများကိုင်တွယ်အသုံးပြုရာတွင် ပျက်စီးမှုများမရှိနိုင်အောင် ကြိုတင်အစီအမံများထားရှိပြီးဆောင်ရွက်ကြရန်၊ ခံတွင်းကင်ဆာရောဂါဖြစ်ပွားမှု များ လျော့နည်းသွားစေရန် ကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါကိုစောစီးစွာစစ်ဆေးတွေ့ရှိနိုင်ရေးသည် အလွန်ပင်အရေးပါကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း လက်လှမ်းမှီသော သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို (၂၀၃၀)တွင် အပြီးသတ်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနမှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
     ဆက်လက်၍ ကုသရေးဦးစီးဌာနမှ ပါမောက္ခဒေါက်တာမိုးသီတာထွေးက မြန်မာနိုင်ငံသွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု စီမံချက်(၂၀၂၄-၂၀၃၀)အား အသိပေးခြင်းပါအချက် အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိပါသည်။