| နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ယမန်နေ့ နံနက် (၁၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute-NCI)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ နှင့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute-NCI)ရှိ ရှင်းလင်းဆောင်တွင် တွေ့ဆုံ၍ အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည်ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ၊ တတိယပတ်မှစ၍ ကနဦးလက်တွေ့သင်ကြားကုသမှု စတင် နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းနောက် လူနာသစ်များအား ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခုတပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ(၅၀)ဦးမှ (၁၀၀)ဦးအထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သစ် (၂)လုံးအား တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်း လူနာ(၂၀၀)ဦးအထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်နိုင်မှုကြောင့် ကင်ဆာရောဂါဝေဒနာရှင် ပြည်သူများအနေဖြင့်လည်း ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှုခံယူရန် စောင့်ဆိုင်းရချိန် လျော့နည်းလာမည်ဖြစ်ပြီး ပြည်ပသို့သွားရောက်၍ ဆေးကုသမှုခံယူခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ရာ နိုင်ငံတော်အတွက်လည်းများစွာ အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လူနာများဘေးကင်းလုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသနိုင်ရန်အတွက် အစစအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားရှိရန်၊ လိုအပ်သောလူ့စွမ်းအားအရင်းအမြစ် ပြည့်ဝစွာထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့အပြင် ကင်ဆာရောဂါဝေဒနာရှင်လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန် အတွက် L Shape (၈)ထပ် အဆောက်အဦကိုလည်းကောင်း၊ အမျိုးသားကင်ဆာရောဂါကုသရေး ဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် လေးခန်းတွဲငါးထပ်အရာထမ်းအိမ်ရာ (၁)လုံး၊ အမှုထမ်းအိမ်ရာ (၂)လုံးတို့ကိုလည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။ |
|
![]() |
![]() |
| ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သစ်တစ်လုံး၊ ၂၀၂၄ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော စက်သစ်တစ်လုံးတို့အား တပ်ဆင်အသုံးပြုလျက်ရှိပြီး နိုင်ငံတော်၏ အထူးရန်ပုံငွေဖြင့် စက်များထပ်မံဖြည့်ဆည်း၍ ကင်ဆာရောဂါဝေဒနာရှင်လူနာများအား ဘေးကင်းလုံခြုံစွာ၊ စိတ်အေးချမ်းသာစွာ၊ အဆင်ပြေစွာကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် JICA အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လမ်းမတော်မြို့နယ်ရှိ အထူးကုဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေးစီမံကိန်း (The Project for Construction of New Yangon Specialist Hospital-New YSH)သို့ သွားရောက်ကာ စီမံကိန်း အတိုင်ပင်ခံကုမ္ပဏီနှင့် ဆေးရုံအဆောက်အဦ တည်ဆောက်ရေးကုမ္ပဏီများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံကာ (၇)ထပ် ဆေးရုံအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများ စွမ်းအားပြည့်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ဆေးရုံအဆောက်အဦအဖြစ် လျာထားအစီအစဉ်အတိုင်းပြီးစီးကာ ပြည်သူလူထုအား အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှု အမြန်ဆောင်ရွက်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် တွန်းအား ပေးဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ အဆိုပါ စီမံကိန်းအား ကျန်းမာရေးဝန်ကြီးဌာနနှင့် JICA တို့အကြား Grant Agreement လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများအား ရပ်နားခဲ့သော်လည်း ယခုနှစ်၊ ဇွန်လမှစတင်၍ ပြင်ဆင်တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပါသည်။ အထူးကုဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေးစီမံကိန်းပြီးစီးပါက နိုင်ငံတကာအဆင့်မီ ဆေးရုံဒီဇိုင်းနှင့် ဆေးရုံသုံးပစ္စည်းများပါ၀င်သော နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံကြီးအဖြစ်ရပ်တည်ကာ ပြည်သူလူထုအား အရည်အသွေးပြည့် ကျန်းမာ စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)နှင့် အထူးကုဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေးစီမံကိန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
in




