တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ၌ ကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် အာယုဗေဒနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြား

မန္တလေး၊ ၂၀၂၄ အောက်တိုဘာ ၂၉

     တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)နှင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတို့မှ ပူးပေါင်းကျင်းပသည့် (၉)ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ်အခမ်းအနားအား တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး)၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အာယုဗေဒဆေးပညာရပ်သည် လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ခန့်မှစတင်၍ ကျင့်သုံးခဲ့သော ရိုးရာတိုင်းရင်းဆေးဆိုင်ရာပညာရပ်တစ်ခုဖြစ်ကာ စိတ်နှလုံးနှင့်ခန္ဓာကိုယ်၏ ကျန်းမာရေးအား သမမျှတအောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရှေးယခင်ကတည်းက ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ အထင်အရှားရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ကျန်းမာရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် သာဓကများစွာရှိခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေနှင့် တိုင်းရင်းဆေးကဏ္ဍအား အရည်အသွေးမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများနှင့်သာမက အာဆီယံနှင့် ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများနှင့် ခေတ်မီတိုင်းရင်းဆေး ကဏ္ဍတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် အာယုဗေဒနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Ayurvedic Innovation for Global Health”သည် အာယုဗေဒ ပညာရပ်၏ ကျန်းမာရေးကဏ္ဍတွင်အရေးပါမှုအား မီးမောင်းထိုးပြလျက်ရှိပြီး အာယုဗေဒပညာရပ်၏ အခြေခံနိယာမများဖြစ်သည့် အစားအသောက်ဂရုစိုက်ခြင်း၊ ရေဓါတ်လုံလောက်စွာ ရရှိရန်ဂရုပြုခြင်း၊ ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်အောင်နေထိုင်ခြင်းအစရှိသည့် မိမိကျန်းမာရေးအား အလုံးစုံခြုံငုံအလေးထားခြင်းကို တစ်ကမ္ဘာလုံးသတိပြုမိစေဖို့ ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမှ အမှာစကားပြောကြားရာတွင် အာယုဗေဒနေ့ အထိမ်းအမှတ်အခမ်းအနားအား ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာတဝှမ်းရှိ အိန္ဒိယ နိုင်ငံသံရုံးများတွင်ကျင်းပခဲ့ပါကြောင်း၊ အာယုဗေဒဘာသာရပ်သည် အိန္ဒိယနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးပညာရပ်အနေဖြင့် စတင်ကျင့်သုံးခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့် အာယုဗေဒဆေးဝါးပညာရပ်နှင့်ပတ်သက်၍ Shangi Cooperation organization နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့်လည်း အသိပညာများမျှဝေ၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည့် ရေမြေနောက်ခံသဘာတရား တူညီမှုရှိပြီး အာယုဗေဒတိုင်းရင်းဆေးပညာရပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံအကြား အာယုဗေဒပညာရပ် သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် အာယုဗေဒဘာသာရပ်၏ အနှစ်သာရဖြစ်သည့် လူသား တိုင်းကျန်းမာပျော်ရွှင်၍ ရောဂါဘယကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ ပါသည်။
     ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဦးဌေးလွင်မှ Myanmar and Ayurvedic Medicine နှင့်ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်မြို့ Swami Vivekonon da Cultural Centrer မှ Director Mr.Ashish Kumar မှ Evolution of Ayurveda and Importance of Ayurveda in day-to-day life နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
     အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဌ၊ တိုင်းရင်းဆေးဆရာအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးနှင့် ဆေးဘက်နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့မှ ကိုယ်စားလှယ် များနှင့် မန္တလေးတိုင်းရင်း တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။