ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၅) ကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးဖိုရမ်ဖွင့်ပွဲ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ (၁၈)ရက်

     (၅)ကြိမ်မြောက် တရုတ်-အာဆီယံကျန်းမာရေးဖိုရမ်ဖွင့်ပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊  ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ Wuxiang Resort ၌ စက်တင်ဘာလ (၁၆) ရက်က ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

     ဦးစွာကျန်းမာရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းဝေးကို ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ကွမ်ရှီကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ကျန်းမာရေးကော်မရှင်နှင့် အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှုးချုပ်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အတွင်းရေးမှုချုပ်ရုံးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများက အသီးသီးအမှာစကားများ ပြောကြားကြသည်။
     ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် Health For Common Development in the Age of Digital Intelligence သည် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ ပြည်သူများ၏ လူမှုဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးတက်ပြောင်းလည်းလာသော နည်းပညာကဏ္ဍ၏ အရေးပါမှုအား ပိုမိုထင်ဟပ်စေပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြု၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေး သတင်းအချက်အလက်များဖလှယ်ခြင်း၊ ပူးပေါင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝေးလံခက်ခဲသောဒေသများတွင် နေထိုင်သူများအတွက်လည်း အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ (AI) နည်းပညာဖြင့် လူနာမှတ်ပုံတင်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေးကုသမှုများဆောင်ရွက်ခြင်းနှင့် ဆေးမှတ်တမ်းထိန်းသိမ်းခြင်းများအား ပိုမိုပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းလိုပါကြောင်း၊ အပြန်အလှန် နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်းများ ပိုမိုဆောင်ရွက်စေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် တက်ရောက်လာသည့် ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များက  နန်နင်းမြို့ ကွမ်ရှီးတက္ကသိုလ် ဆေးရုံရှိ China-ASEAN Healthcare Cooperation Center အား ဒီဂျစ်တယ်စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဆေးရုံရှိ တရုတ်-အာဆီယံ အထူးဆေးကုသဆောင်သို့ သွားရောက် လေ့လာကြသည်။
     ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင် ဝင်း ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့၊ ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်မှ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ၊ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့်် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုချူပ်ရုံးမှတာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနောက်ပစိဖိတ်ဒေသဆိုင်ရာရုံးမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ဆေးနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆေးရုံများအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ဆေးနှင့်ဆေးပစ္စည်းနည်းပညာဆိုင်ရာကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဆေးပညာရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ကြပါသည်။

     ယင်းနောက် Health Industry Development Sub-Forum ကိုဆက်လက်ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းက “Intellligently steering the health industry building a new Health Silk Road” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်လင်းက “Health care services in Myanmar” ခေါင်းစဉ်ဖြင့်လည်း ပါဝင်ဆွေးနွေးကြသည်။

     စက်တင်ဘာလ (၁၅) ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ ဆွန်ယက်ဆင်ဆေးရုံသို့ သွားရောက်လေ့လာကြရာ ဆေးရုံတာဝန်ရှိသူများက အရေးပေါ်ဆေးကုသမှုဌာန၊ ခွဲစိတ်ကုသမှုဌာန၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာနတို့တွင် ခေတ်မီစက်ကိရိယာများ၊ နောက်ဆုံးပေါ်နည်းပညာများ၊ Artificial Intellingence (AI) အသုံးပြု၍ ရောဂါရှာဖွေမှု၊ ဆေးရုံသမိုင်းကြောင်းနှင့် ဆေးကုသမှုလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။

     ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် ကွမ့်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။