|
တောင်ကြီးမြို့ ၊၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက် ဆေးတက္ကသိုလ်-တောင်ကြီး၊ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ(၃)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဆေးတက္ကသိုလ်-တောင်ကြီး၊ ပင်မဆောင် ဥပစာ၌ ကျင်းပသည်။ ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ ဦးဆောင်၍ ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ဓါတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။ |
|
![]() |
![]() |
| အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ပန်းချယ်ရီခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ်-တောင်ကြီးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် (၁၀)နှစ်ပြည့်မြောက်ခြင်း ဖြစ်ကြောင်း၊ ဤတက္ကသိုလ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မီပြီး ထူးချွန်ထက်မြက်သော ဆရာဝန်ကောင်းများကို တိုင်းရင်းသားလူမျိုးမရွေး၊ ဒေသမရွေး မွေးထုတ်ပေးရန် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ ကျန်းမာစွာနေထိုင် နိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေး ဟူသော ရည်မှန်းချက်များကို ချမှတ်ထားရှိကြောင်း၊ ဤရည်မှန်းချက်များ အောင်မြင်ရန် ကျေးလက်အောက်ခြေထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ထိရောက်စွာ ကုသပေးခြင်းဟူသော နည်းဗျူဟာ (၃) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဆေးတက္ကသိုလ်-တောင်ကြီး၌ ဘွဲ့ကြိုကျောင်းသား/ကျောင်းသူ (၇၀၃) ဦးနှင့် ဘွဲ့လွန်သင်တန်းသား (၁၄) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ ဤတက္ကသိုလ်မှ ဆရာဝန်သစ်များ မွေးထုတ်ပြီးဖြစ်သလို ကျောင်းသား/ကျောင်းသူများသည် နိုင်ငံတကာနှင့် ပြည်တွင်းပြိုင်ပွဲ များတွင် ဆုတံဆိပ်များ ဆက်တိုက်ရရှိခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလ(၂၂)ရက်တွင်လည်း ဆေးတက္ကသိုလ်၊ မကွေး၏ (၂၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်တို့တွင် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၏ “ရာပြည့်” အထိမ်းအမှတ်အခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားရန်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါကြောင်း၊ နောင်နှစ်ပေါင်းများစွာတိုင် ဤတက္ကသိုလ်မှ မေတ္တာ၊ ကရုဏာ၊ ပညာနှင့် စာရိတ္တပြည့်စုံသော ဆေးပညာရှင်ကောင်းများ ဆက်လက်မွေးထုတ်ပေး နိုင်စေရန် ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ဆေးတက္ကသိုလ်ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအက အလှများဖြင့် ကပြတင်ဆက်သည်။
ယင်းနောက် အကအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ တောင်ကြီး သို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူ့ဆေးရုံများတွင်သာမက ကျေးလက်နေပြည်သူများအား မိခင်နှင့်ကလေး စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ မကူးစက်နိုင်သော ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကာကွယ် ဆေးဖြင့်ကာကွယ်၍ ရောဂါများကြောင့် သေဆုံးမှုမရှိစေရေးအတွက် ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်းများအပြင် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း မှာကြားသည်။ |
|
| ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့တို့မှ ဆေးရုံအုပ်ကြီးများမှ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ |
|
![]() |
![]() |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်-တောင်ကြီး၊ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြား
in








