ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သော သစ်လွင်သူနာပြု(၁၇၄) ဦးကို ခန့်အပ် တာဝန်ပေးခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်

     ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သော သစ်လွင်သူနာပြုများ တာဝန် ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော်တွင် ကျင်းပသည်။

     ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယခုအလုပ်ခန့်အပ်တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ ဆရာမများ အနေဖြင့် နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ထမ်းရွက်ရာတွင် မိမိတို့ တာဝန်ကျရာနေရာ ဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြုဆရာ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သည့်ခံယူချက်ရှိသည့် သူနာပြု ဆရာ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ မိမိတို့သူနာပြုအသက် မွေးဝမ်းကျောင်းလုပ်ငန်းတာဝန်များ နှင့်အညီ ဂုဏ်သိက္ခာရှိရှိ၊ တင့်တင့်တယ်တယ်၊ စည်းကမ်းရှိရှိ ပြုမူနေထိုင်စေလိုပါကြောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ဖော်ရွေစွာပြောဆိုဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) အောင်မြင်သူ (၈၄) ဦးနှင့် သူနာပြုတက္ကသိုလ်(မန္တလေး)မှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သူ(၉၀) ဦး၊ စုစုပေါင်း(၁၇၄) ဦး ကိုယ်စား သစ်လွင်သူနာပြု(၂) ဦးကို ခန့်အပ်တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာများ ပေးအပ်ခဲ့ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ပွဲအပြီး သစ်လွင်သူနာပြုများကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက သစ်လွင်သူနာပြုများနှင့်အတူ လန်းဆန်းစာများကို ရင်းနှီးချစ်ခင်စွာ အတူတကွသုံးဆောင်ကြသည်။
     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလနှင့် (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် သူနာပြု(၃၂၈၇) ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။