ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E Mr. Andrei Travnikov အားတွေ့ဆုံ၊ နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၊ အထူးကုဆရာဝန်များပူးပေါင်း၍ Online မှတစ်ဆင့် တိုင်ပင်ဆွေးနွေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာလ ၃ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E Mr. Andrei Travnikov နှင့် ကိုယ်စားလှယ် အဖွဲ့အား နိုဝင်ဘာလ (၃) ရက်နေ့၊ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

     တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုဗိုစီဗစ်ဒေသတို့ကြား ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဦးနှစ်ဖက်ရှိ ဆေးရုံများအကြား ပူးပေါင်း‌ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်အတွေ့အကြုံ ဖလှယ်ခြင်းလုပ်ငန်းများအတွက် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရေး အဆိုပြုကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံ အပြန် အလှန်ဆေးဘက်ဆိုင်ရာဆရာဝန်များ၊ ပညာရှင်များအတွက် Internship training များ ပြုလုပ်နိုင် ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆရာဝန်များ၊ အထူးကုဆရာဝန်များ၏ ဆေးကုသမှုလိုင်စင်များ အပြန် အလှန်အသိအမှတ်ပြုနိုင်ရေးကိစ္စရပ်များ၊ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့် အရေးပေါ်လူနာလွှဲ ပြောင်းဆေးကုသမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံဆေးဘက်ဆိုင် ရာဆရာဝန်များ၊ အထူးကုဆရာဝန်များပူးပေါင်း၍ Online မှတဆင့် တိုင်ပင်ဆွေးနွေး ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးသည်။

     တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူများ၊  နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြပါသည်။

     ထို့ပြင် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ ၊ Novosibirsk Hospital မှ Dr. Anatoly Yudakov, Chief doctor of Novosibirsk Hospital and Chief Surgeon of Novosibirsk Region နှင့် Dr. Irina Grinberg, Chief Paediatrician, Neonatologist နှင့် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်များသည် (၃-၁၁-၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင်  ကလေးရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်သို့ လာရောက်ပြီး ကလေးကုသဆောင်နှင့်မွေးကင်းစကလေးကုသဆောင်များသို့ လှည့်လည်ကြည့်ရှု၍ မွေးကင်းစကလေးငယ်များ ကြည့်ရှုကုသမှုပေးခြင်းဆိုင်ရာလုပ်ငန်းများအပေါ် ကုထုံးများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်အကြံပြုခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွေးကင်းစကလေး အထူးကြပ်မတ်ကုသမှုပေးနိုင်မည့် လုပ်ငန်းများကို ဆွေးနွေးတိုင်ပင်ကြသည်။

     ဦးစွာ  ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ Novosibirsk Hospital မှ ပါမောက္ခ ဦးဆောင်သော အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ မွေးကင်းစကလေးအထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု၊ လူနာပြုစုကုသပေးနိုင်သော ရရှိနိုင်သော ဝန်ဆောင်မှုများ၊ ဆေးဘက်ဆိုင်ရာပညာရှင်များအား သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို အမြင်ချင်းဖလှယ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

     ဆေးပညာဆိုင်ရာနှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများအပေါ် ဗဟုသုတများစွာရရှိခဲ့ပြီး မွေးကင်းစကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အသေးစိတ်ဆွေးနွေးခဲ့ကြသဖြင့် ရုရှားနှင့်မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေခြင်းအပြင် ရုရှားနိုင်ငံ၏ ဆေးရုံလုပ်ငန်း ဝန်ဆောင်မှုများကို လေ့လာနိုင်ရေးအတွက်  ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။

     ဆက်လက်၍ အဆိုပါအဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်၏  ကလေးကုသဆောင်နှင့် မွေးကင်းစကလေးကုသဆောင်ရှိ အထူးကြပ်မတ်ကုသခန်းများသို့ လှည့်လည်ကြည့်ရှု၍ လူနာများကို အားပေးစကားပြောကြားခြင်း၊ လူနာများအတွက်ပိုမို ကောင်းမွန်သော ကုထုံးများရရှိနိုင်ရေး အကြုံပြုပြောကြားခြင်းနှင့် ရုရှားနိုင်ငံ၏ မွေးကင်းစကလေး ကုသမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။