မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျင်းပသည့် (၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေး ဖွင့်ပွဲအခမ်းအနား

ရန်ကုန်၊ နိုဝင်ဘာလ (၆) ရက်

     မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျင်းပသည့် (၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။

     အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီနှင့် မိတ်ဖက် ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။

     အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥပဒေတွင် ဖော်ပြပါရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ပါဝင်နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့အကြား ထူးခြားလေးနက် သည့် ဆက်ဆံရေး တည်ရှိပါကြောင်း၊​ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်နေရာများကို ဦးစွာ တုံ့ပြန် ဆောင်ရွက် ပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား အသိအမှတ်ပြုပါကြောင်း၊ ယခု (၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍကို သုံးသပ်ပြီး  အနာဂတ် ကြိုးပမ်းချက်များအတွက် မဟာဗျူဟာကျကျ ညှိနှိုင်းဆွေးနွေးရန် လိုပါကြောင်း၊ ပြည်သူလူထု သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုကို ရရှိစေရန်နှင့် အဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည် မြှင့်တင်ရန်စသည့် လုပ်ငန်းနယ်ပယ် (၃) ရပ်ကို ယခုအစည်းအဝေးအတွင်း အဓိကထား ဆွေးနွေးရန် တိုက်တွန်း လိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသည့် အခြားနိုင်ငံများရှိ ပြည်သူလူထုအတွက်လည်း ငွေသားအပါအဝင် လိုအပ်သောအထောက်အပံ့များကို သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တဆင့် လှူဒါန်းမှုများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှုရဲ့ ထူးခြားသည့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
     ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း အာရှပစိဖိတ်ဒေသ ဒုတိယညွှန်ကြားရေးမှူး Ms. Juja Kim နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အာရှပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Regis Savioz တို့က နှုတ်ခွန်းဆက် စကားပြောကြားပြီး (၉) ကြိမ်မြောက် မိတ်ဖက်များအစည်းအဝေး ဂုဏ်ပြုမှတ်တမ်း ဗီဒီယိုကိုပြသသည်။
     (၉)ကြိမ်မြောက် မိတ်ဖက်များ အစည်းအဝေးကို နိုဝင်ဘာလ (၆) ရက်နေ့မှ (၇)ရက်နေ့ အထိ နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အာဆီယံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှု ဗဟိုဌာန (AHA centre) မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။
     မိတ်ဖက်များ အစည်းအဝေးကို ၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၂) နှစ်လျှင် (၁) ကြိမ် ကျင်းပလေ့ရှိရာ ယခု (၂၀၂၅) ခုနှစ်တွင် (၉) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူမူကရုဏာ အကူအညီများပေးနိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်ရာတွင် ဒေသတွင်း အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာမိတ်ဖက် အမျိုးသားကြက်ခြေနီအသင်းများနှင့်လည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။