ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ(၁၀)ရက်                                                                                

     ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။

     အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေးတပ်နှင့် အမှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ တို့မှ တာဝန်ရှိသူများ၊ နေပြည်တော် ကုတင် (၁,၀၀၀) ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြaန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ EPI Focal များ၊ WHO နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်နေထိုင်သော အမျိုးသမီးများတွင် တတိယမြောက် အဖြစ်အများဆုံးကင်ဆာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် (၇၀) ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား (၁၆)နှင့် (၁၈) ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးတွင် HPV ပိုး အမျိုးအစား (၄)မျိုးဖြစ်သည့် (၆)၊ (၁၁)၊ (၁၆)၊ (၁၈)တို့ကို ကာကွယ်နိုင်သော ကာကွယ်ဆေးဖြစ်သည့်အတွက် အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးဖြစ်စေသည့် ပိုးအမျိုးအစား (၁၆)နှင့်(၁၈)ကူးစက်ခံရခြင်းမှ (၉၅)ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည့်အပြင် ပိုးအမျိုးအစား (၆)နဲ့ (၁၁)ကိုပါ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ကြွက်နို့ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု (၉၀)ရာခိုင်နှုန်းရရှိသည်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပ မိန်းကလေးငယ်များကို ဆက်လက်ထိုးနှံရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအစည်းအဝေးကို ဆောင်ရွက်ပြီး (၂၀၂၅)ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက် (၉)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကျောင်းပြင်ပမိန်းကလေးငယ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမှရရှိသည့် အတွေ့အကြုံ၊ အခွင့်အလမ်းများကိုအသုံးချပြီး လာမည့် (၂၀၂၆)ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အသက် (၉)နှစ်မှ (၁၈)နှစ်အရွယ်အထိ မိန်းကလေးငယ်များကို အသက်အပိုင်းအခြားတိုးမြှင့်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohorts Vaccination)ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံပေးလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ကမ္ဘာ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization-GAVI)မှ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတော်မှလည်း GAVI အဖွဲ့နှင့် အချိုးကျထည့်ဝင်၍ (Co-financing) အစီအစဉ်ဖြင့် ဝယ်ယူကာ ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
     သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက အသက် (၁၃)နှစ်မှ (၁၉)နှစ် အတွင်းရှိသည့် မိန်းကလေးများတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃)ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ပြီး အသက် (၁၅)နှစ်မှ (၁၉)နှစ်အရွယ် မိန်းကလေး များတွင် အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို (၃၁)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည် ဖြစ်ပါသည်။