ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်‌နှင့် မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ – ၁၄

     ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်‌နှင့် မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲကို ယနေ့ ညနေ ၆ နာရီတွင် ရုံးအမှတ် (၄)၊ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

      အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ကျန်းမာရေးဝန်ကြီးဌာနဟု အမည် မှည့်ခေါ်၍ တရားဝင်အမိန့်ကြော်ငြာစာတွင် စတင်ထုတ်ပြန်သုံးနှုန်းခဲ့သဖြင့် အဆိုပါနေ့ကို ကျန်းမာရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှ စတင်၍ ခေတ်အဆက်ဆက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကို ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်တွင်လည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဦးတည်ချက် (၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တတိယအချက် ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထား မြှင့်တင်ရေး” ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လူတိုင်း ကျန်းမာကြံ့ခိုင်စွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်ရေးတို့အတွက် အဆင့်အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဦးစီးဌာနခြောက်ခုဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းဘေးအန္တရာယ် ၎င်းတို့နှင့် ဆက်စပ်၍ ရေကြီးနစ်မြုပ်မှုများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါစသည့် ကပ်ရောဂါများနှင့် မန္တလေး ငလျင်ကြီးကဲ့သို့ သဘာဝဘေးအန္တရာယ်များကျရောက်သည့် အချိန်တိုင်းတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ မိမိတို့ကိုယ်တိုင် သဘာဝဘေးဒဏ်ကို  ရင်ဆိုင်နေကြရသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျိုးမငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ တာဝန်ကျေပွန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့မှုများအတွက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။
     ထိုသို့ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ထူးထူးချွန်ချွန်   စွမ်းဆောင်နိုင်ခဲ့၍ နိုင်ငံတော်မှ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ ကို ယနေ့ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုများချီးမြှင့် ပါကြောင်း၊ မြန်မာနိုင်ငံသားများ ကျန်းမာသောမျှော်မှန်းသက်တမ်း မြင့်မားရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပြီး အားနည်းချက်များကိုပြင်ဆင်၍ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားစေရန် မိမိတို့ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
      ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့၍ နိုင်ငံတော်မှ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသူများ၊ မန္တလေးငလျင်ကြီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုများချီးမြှင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ ကြသည်။
      အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆုတံဆိပ်ရရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ခဲ့ပါကြောင်း သိရပါသည်။