ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ထိုင်း- မြန်မာစီးပွားရေးလုပ်ငန်းကောင်စီမှလှူဒါန်းသော ဆေးနှင့် ဆေးပစ္စည်းများ လွှဲပြောင်းလက်ခံပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅ ရက်

ဗန်ကောက် မြို့အခြေစိုက် ထိုင်း-မြန်မာစီးပွားရေးလုပ်ငန်းကောင်စီက ကျန်းမာရေးဝန်ကြီး ဌာန၏ ငလျင်တုံ့ပြန် ရေးလုပ်ငန်းများအတွက် လှူဒါန်းသောဆေးနှင့်ဆေးပစ္စည်းများ လွှဲပြောင်းလက်ခံပွဲကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာ၌ ကျင်းပသည်။

        လွှဲပြောင်းလက်ခံပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ထိုင်း-မြန်မာစီးပွားရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထိုင်းဘတ်ငွေ ၃ဒသမ၆သန်း တန်ဖိုးရှိ ကျောက်ကပ်ဆေးစက်ငါးလုံး၊ ဆေးဝါးနှင့်ဆေးပစ္စည်း များလှူဒါန်းခြင်းအတွက်မြန်မာပြည်သူလူထုကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ကျောက်ကပ်ဆေး စက်များလှူဒါန်းသည့်အတွက် ကျောက်ကပ်ရောဂါကုသရေးလုပ်ငန်းများတွင်များစွာ အထောက် အကူဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုသည် မြန်မာထိုင်းနှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုထင်ဟပ်စေပါကြောင်း၊  လှူုဒါန်းသည့်ဆေးဝါးများကို မန္တလေးဆေးရုံကြီး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
        ထို့နောက် ထိုင်း-မြန်မာစီးပွားရေးလုပ်ငန်းကောင်စီဥက္ကဋ္ဌ Mr. Kich Aungvitulsatitက လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
 
       အဆိုပါ လွှဲပြောင်းလက်ခံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ထိုင်း-မြန်မာစီးပွားရေး လုပ်ငန်းကောင်စီမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် Federation of Thai Industries  မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
       ထိုင်း-မြန်မာစီးပွားရေးလုပ်ငန်းကောင်စီမှ လှူဒါန်းသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများသည် ဒီဇင်ဘာ ၁၂ရက်က ပထမအသုတ်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ  ၁၆ရက်တွင် ဒုတိယအသုတ် ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။