(၅၄) ကြိမ်မြောက်မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၆
     “(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အမှတ်(၅)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် Video Massages ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။
     အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့် အဓိကသုတေသီများနှင့် ပြည်တွင်းနှင့် ပြည်ပမှပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အရေးပါသည့် မဏ္ဍိုင်လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည့် ဆေးသုတေသနအတွက် ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ်ကြီးမှူးကျင်းပပေးခဲ့သည်မှာ ယခုနှစ်တွင် (၅၄)ကြိမ်တိုင် ခဲ့ပြီဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနလုပ်ငန်းများပိုမို လုပ်ဆောင်နိုင်ရေးအတွက် သုတေသန ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့်ချထားပေးလျက်ရှိရာမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် သုတေသနစီမံချက် (၁၅၀)ခုအတွက် သုတေသနရန်ပုံငွေကျပ်သန်းပေါင်း (၁၅၀၀) ခွင့်ပြုချထားပေးခဲ့ကြောင်း၊ ယခုနှစ်ညီလာခံတွင် ယခင်နှစ်များက ကျန်းမာရေးဝန်ကြီးဌာနသုတေသနရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းတွေ့ရှိ ချက်များကိုသုတေသနစာတမ်း၊ ပိုစတာများအဖြစ်တင်သွင်းပြသကြခြင်းကိုတွေ့ရှိရသဖြင့် ဝမ်းမြောက်မိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွယ်ဝန်ကြီး ဌာနများရှိ သုတေသီပညာရှင်များသည် သုတေသနစာတမ်း (၇၁)စောင်၊ သုတေသနပိုစတာ(၄၅) စောင်တို့ဖြင့် ပညာရပ် ဆိုင်ရာကဏ္ဍစုံမှတင်သွင်းဖတ်ကြားပြသကြမည်ဖြစ်ကြောင်းနှင့် ညီလာခံရက်များအတွင်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၄)ခုနှင့်ပညာရပ်ဆိုင်ရာဟောပြောပွဲ(၂)ခုတို့တွင် ပြည်တွင်းပြည်ပမှသုတေသီပညာရှင်များ ပါဝင်ဆွေးနွေးကြမည်ဟုသိရှိရကြောင်း၊ ညီလာခံ၏အဓိကဆောင်ပုဒ် (Congress Theme) ဖြစ်သည့် “ဆေးသုတေသနဆောင်ရွက်မှုများမှသည် ပြည်သူလူထု၏ကျန်းမာရေးပိုမိုကောင်းမွန်စေရေး” – Better Health through Medical Research” ကို ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ခုအဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း၊ “မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံမှသုတေသီများ၏ Myanmar-Korea Joint Symposium (2026)ပါဝင်ပြီး “မျိုးဗီဇဆိုင်ရာ သုတေသနနှီးနှောဖလှယ်ပွဲ – Symposium on Genomic Research” တွင် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ သုတေသီပညာရှင်များနှင့် ပြည်တွင်းပညာရှင်များပူးပေါင်း၍ Hybrid အသွင် မျှဝေဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ပညာသင်ကြားရေးဆရာ၊ ဆရာမများ၏အရည်အသွေးနှင့်သင်ကြားရေးစနစ်များတိုးတက်ပြောင်းလဲခြင်းများကို ဆွေးနွေးတင်ပြမည့် နှီးနှော ဖလှယ်ပွဲ “Who Are We? Transforming the Health Professional Educators for 21st Century” စသည်တို့စုံလင်စွာ ပါဝင်မည်ဟု သိရှိရ၍ ကျေနပ်အားရမိကြောင်း၊ မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံတွင် သုတေသနပညာရှင်များ သုတေသနရလဒ်များနှင့် သုံးသပ်ချက်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများ၏ အတွေ့အကြုံနှင့် အသိပညာမျှဝေမှုများ၊ အကြံပြုချက်များသည် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်း ဆောင်ရွက်မှုနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအရေးကြီးကြောင်း၊ ကျန်းမာရေးအသိပညာဖလှယ်မှု (Knowledge sharing) ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် သုတေသန စာတမ်းရှင်များသည် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ပုံနှိပ်ထုတ်ဝေနိုင်သည်အထိ ဆက်လက်ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း၊ နိုင်ငံတော်တွင် အဓိကဖြေရှင်းပေးရန်လိုအပ်သည့် ကျန်းမာရေးပြဿနာများကို Evidence-based research findings နှင့် ဖေါ်ထုတ်ပေးနိုင်သည့် Nation-wide Health Survey များကို နှစ်စဉ် ဌာနအသီးသီးမှ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ကြရေးနှင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးသည် နိုင်ငံသားများ၏ သုတေသနစွမ်းဆောင်ရည်ပေါ်တွင်လည်း မူတည်သည့်အတွက် သုတေသနများ ပိုမို ဖွံဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
     ယင်းနောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန Profile နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဌာန၏ဆောင်ရွက်မှုမှတ်တမ်း Video Clip ကို ပြသသည်။
     အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။