“(၅၄)ကြိမ်မြောက်၊ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ပြောကြားသည့် ဂုဏ်ပြုဗီဒီယိုမိန့်ခွန်း

အားလုံးမင်္ဂလာပါ။
     ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနဲ့ပြည့်စုံပါစေ၊ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
     မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့် အတန်းမြင့်မား လာစေရန်” နဲ့ “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စတဲ့ ရည်ရွယ်၍ ၁၉၆၅ ခုနှစ်မှ စတင်ကျင်းပလာခဲ့တာ ယခုအခါ (၅၄) ကြိမ်‌မြောက် ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။
     ယနေ့ခေတ်ဟာ သိပ္ပံနှင့်နည်းပညာခေတ် ဖြစ်တဲ့အတွက် အရာရာဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလျက်ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ဆေးသိပ္ပံပညာရပ်များ၊ ရောဂါရှာဖွေကုသတဲ့ ခေတ်မီဆေးဘက် ဆိုင်ရာကိရိယာများ၊ ဆေးဝါးနှင့်ကုထုံးအသစ်တွေ တိုးတက်လာဖို့နဲ့ Artificial Intelligence (AI) နည်းပညာအကူအညီနဲ့ ဆောင်ရွက်နိုင်တဲ့အထိ စဉ်ဆက်မပြတ် လေ့လာသိရှိဖို့ လိုအပ်လာပါတယ်။
     မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေမှာ ပြည်တွင်းက သုတေသီပညာရှင်တွေသာမက နိုင်ငံတကာမှ သုတေသီများလည်းပါဝင်ပြီး သုတေသနစာတမ်းများ၊ သုတေသနပိုစတာများကို တင်သွင်းပြသကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ဆွေးနွေးပွဲ (Symposium) တွေနဲ့ ဘာသာရပ်အလိုက်ဟောပြောပွဲ (Scientific Talk) တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပပြီး အသစ်အသစ်သော ကျန်းမာရေးဆိုင်ရာ အချက်အလက်များနဲ့ သုတေသနဆိုင်ရာတွေ့ရှိချက် (Updated knowledge and research findings) တွေကို တင်ပြဆွေးနွေးကြမယ်လို့လည်း သိရှိရပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဆောင်ရွက်နေတာ တွေ့ရှိရလို့ ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
     ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဦးတည်ချက်အဖြစ် “ဆေးသုတေသနဆောင်ရွက်မှု များမှသည် ပြည်သူလူထု၏ ကျန်းမာရေးပိုမို ကောင်းမွန်စေရေး – Better Health Through Medical Research” ဆိုတဲ့ ဆောင်ပုဒ်နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
     ဆေးသုတေသနလုပ်ငန်းတွေက ရရှိလာတဲ့ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြုသုတေသနတွေ့ရှိချက် (Evidence-based research finding) တွေကိုအသုံးပြုပြီး ရောဂါရှာဖွေရေးနည်းစနစ်များ၊ ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန် စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေ တိုးတက်အောင်မြင်စေဖို့နဲ့ မိမိတို့နိုင်ငံအတွက် ခေတ်နှင့်အညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင် ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့်ကိုလည်း ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးသုတေသန ဆောင်ရွက်မှု ရလဒ်တွေက တစ်ဆင့် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေနိုင်မှာလည်းဖြစ်ပါတယ်။
     ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံရှိ မကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွါးနိုင်ခြေကို လေ့လာခြင်း သုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီးလို့ သိရှိရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ မကူးစက်တတ်သော ရောဂါဖြစ်ပွါးမှု မြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်း လုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာ စားသုံးတဲ့ အလေ့အထတွေ ရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးရမှာလည်း ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနဲ့ဆေးနှီး နွယ်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဘဏ္ဍာငွေကျပ် ၁.၅ ဘီလီယံ ခွင့်ပြုပေးခဲ့ပါတယ်။
     ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်ပံ့ပိုးမှုနဲ့ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများ တွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်းသုတေသန” ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ မျိုးဆက်သစ်များဖြစ်တဲ့အတွက် ယခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်များအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာရေးစောင့် ရှောက်မှုပြုလုပ်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
     နောက်တစ်ချက်မှာကြားလိုတာကတော့ ဒေသတွင်းဖြစ်ပွားတတ်တဲ့၊ ကူးစက်တတ်တဲ့ ကပ်ရောဂါများ၊ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကင်ဆာရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ကုသမှုတွေ အောင်မြင်အောင် အထောက်‌အကူ ပြုနိုင်တဲ့ သုတေသနများကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ခေတ်မီဓါတ်ခွဲနည်းပညာများ၊ သုတေသနနည်းစနစ်များကို ကျင့်သုံးပြီး ဆောင်ရွက်နေတယ်လို့ သိရှိရတဲ့အတွက် ယခုထက်ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားလိုပါတယ်။
     အထူးသဖြင့် မိမိတို့ပြည်သူတွေ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပြုမူရေးနဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြဖို့လိုပါတယ်။ အဲဒီသုတေသနတွေက တွေ့ရှိချက်တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
     ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ ဆေးရုံအုပ်ချုပ် စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း တိုးမြှင့်ဆောင် ရွက်ရာမှာ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေးစီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
     ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်များကိုလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူလုထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့ သုတသနပြုထားတဲ့ အချက်အလက်တွေ ရရှိဖို့ လက်တွေ့အသုံးချ သုတေသနတွေကို တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားလိုပါတယ်။
     မိမိတို့နိုင်ငံမှာ သုတေသနပြုလိုတဲ့စိတ် (Research minded) ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေများစွာ ပေါ်ထွက်လာပြီး၊ သုတေသနလုပ်ငန်းတွေကို နည်းစနစ်၊ ကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ ဒီအတွက်လည်း သုတေသနနည်းပညာသင်တန်းတွေ၊ သုတေ သနကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင် ကြားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ သုတေသနပြုလုပ်ခြင်းက အရေးကြီးကြောင်း နားလည်သဘောပေါက်ပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ် (Research culture) တစ်ခု တိုးတက် ဖြစ်ထွန်းရှင်သန်လာစေရေး လေ့ကျင့်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။
     ၂၀၂၅ ခုနှစ်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သုတေသီတွေနဲ့ ပညာရှင်တွေဟာ အပြည်ပြည်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို တက်ရောက်ခြင်း၊ အပြည်ပြည် ဆိုင်ရာညီလာခံများသို့ တက်ရောက်ပြီး စာတမ်းများ ဖတ်ကြားတင်ပြခြင်း၊ ဟောပြောပွဲတွေမှာ ဟောပြောသူအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံမှာ ဆေးပညာရပ်ဆိုင်ရာညီလာခံတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံဆောင်ရွက် ပေးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
     နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ ဆေးသုတေ သနဦးစီးဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငှက်ဖျားရောဂါ သုတေသနနဲ့ ရောဂါရှာဖွေကုသရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ဌာန WHO Collaborating Centre for Research & Training on Malaria (WHO-CC) အဖြစ် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ၂၀၂၈ ခုနှစ်အထိ အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ဆေးသုတေ သနဦးစီးဌာနရဲ့ ငှက်ဖျားရောဂါ၊ ကိမိလဗေဒနဲ့ ပိုးသတ်ဆေး ယဉ်ပါးမှုတို့နဲ့ ပတ်သက်တဲ့ သုတေသန၊ လေ့ကျင့်ရေးနှင့် ပညာရေး၊ သတင်းအချက်အလက် စုဆောင်းခြင်းနဲ့ ပေါင်းစပ်ခြင်းလုပ်ငန်းတွေမှာ (WHO-CC) အနေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရတဲ့အတွက် နိုင်ငံ့ကျန်းမာရေးကဏ္ဍတိုးတက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။
     ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ လူငယ်တွေ အသိပညာ၊ အတတ် ပညာ မြင့်မားရေးနဲ့ တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ကြောင်း သိရှိနားလည် ထားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ဦးတည်ချက်တွေထဲမှာ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့ကို အလေးထားမြှင့်တင်ရေး” ဆိုပြီး ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒီလို ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာမှာ သုတေသနလုပ်ငန်းများနဲ့ ခုလိုကျင်းပတဲ့ သုတေသနညီလာခံ တွေဟာ များစွာအထောက်အကူဖြစ်စေပြီး အောင်မြင်တိုးတက်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။
     နိဂုံးချုပ်အနေနဲ့ ဤ (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေ သနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသနရလဒ်ကောင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးကို များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေသန တွေ့ရှိချက်တွေကို အသုံးချပြီး ပြည်သူတွေ ပိုမိုကျန်းမာလာစေရေးကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နိုင်ငံတကာ်နဲ့ ရင်ဘောင်တန်းနိုင်မယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်းဆုံးတွန်း အားပေးတဲ့သုတေသန‌ကောင်းတွေကို သုတေသီများက စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။