ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၏ ဆေးကုသရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်သို့ သွားရောက်၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုများ၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ မီးယပ်လူနာများ အထူးကုပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ Fertility Center ၊ မီးယပ်လူနာဆောင်၊ ခွဲစိတ်ပြီး လူနာခန်း၊ မွေးကင်းစ ကလေးကျန်းမာရေးစောင့်ရှောက်မှုဌာန၊ မွေးကင်းစကလေးအထူးကြပ်မတ်ကုသမှုဌာန၊ အရေးပေါ် လူနာဌာန တို့ကို လှည့်လည်ကြည့်ရှုပြီး လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံသည်။
     ဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာစောသန္တာမြင့်က ဆေးရုံကြီး၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါ များအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုသရေးဌာနကြီးဖြစ်ပြီး သင်ကြားရေးဆေးရုံကြီးလည်း ဖြစ်သဖြင့် စံပြဆေးရုံကြီးဖြစ်ရန်လိုပါကြောင်း၊ ဆေးရုံကြီးသို့ အားကိုး၍ လာရောက်ကြသော ကိုယ်ဝန်ဆောင်မိခင်များ၊  လူနာများကို အကောင်းဆုံး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြပြီး ပိုမိုအားကိုးမှုရရှိကာ အန္တရာယ်ကင်းစွာ ကလေးမွေးဖွားခြင်းဖြင့် မိခင်၊ ကလေး သေဆုံးမှု လျော့နည်းအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အမျိုးသမီး များတွင် အဖြစ်များသော သားအိမ်ခေါင်းကင်ဆာကဲ့သို့ မီးယပ်ကင်ဆာရောဂါများကိုလည်း စောစီးစွာ သိရှိစေရေးအတွက် ပြင်ပလူနာ ကြည့်ရှုချိန်များ ပိုမိုတိုးတက်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသည်ကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့မှုများကို လူနာများ အကျိုးရှိစွာခံစားရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
     ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။