ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဒုတိယအကြိမ်မြောက် ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာဆေးပညာညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  ၂၃ ရက်

ဒုတိယအကြိမ်မြောက် ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာဆေးပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Melia Hotel ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါ‌မောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် နှီးနွယ်ပညာရှင်အသင်းများမှ ဥက္ကဋ္ဌများ၊ အငြိမ်းစား ဆေးပညာ ရှင်ကြီးများ၊ ပြည်တွင်း/ပြည်ပမှ အထွေထွေရောဂါဆေးပညာနှင့် ဆီးချိုသွေးချိုနှင့်ဟော်မုန်း ရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချိုနှင့် သွေးတိုးရောဂါများကို စောစီးစွာ စစ်ဆေးနိုင်ပြီး အချိန်မီကုသနိုင်ရန်အတွက် ကျန်းမာရေးဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပြီး နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ်လျော့နည်းသက်သာ စေရေးအတွက် ဆီးချို၊ သွေးတိုးနှင့် အခြား မကူးစက်နိုင်သော ရောဂါများ ကုသမှု ဆေးဝါးများကိုလည်း  အခမဲ့ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ဆေးပညာရှင်များကိုလည်း ပြည်တွင်း၌ နှစ်စဉ်တိုးမြှင့် လေ့ကျင့်မွေးထုတ်လျက် ရှိသည့်အပြင် ပြည်ပ၌ လေ့လာသင်ကြားမှုများကိုလည်း ခွင့်ပြုပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အတွေ့အကြုံ၊ ဗဟုသုတများဖလှယ်ကာ ဆီးချိုနှင့် ဟော်မုန်းရောဂါ ကုသမှုများအတွက် ပိုမိုအားဖြည့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်ဆေးပညာရှင်များအတွက် ဆေးပညာအသိဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ကျောင်းသူလေးများက “မင်္ဂလာပါ”သီချင်းဖြင့် ကပြ ဖျော်ဖြေကြပြီး အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါအသင်းအဖွဲ့ကြီး (International Diabetes Federation – IDF) ၏ ဥက္ကဋ္ဌ Professor Peter Schwarz မှ ပေးပို့သည့် ညီလာခံ ကြိုဆို နှုတ်ခွန်းဆက် Video message အား ဖွင့်လှစ်ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ သန်းသန်းအေးက ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန် ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာတင့်ဆွေလတ်နှင့် မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း၏ ဥက္ကဋ္ဌ တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးသည်။
အဆိုပါညီလာခံကို ဩဂုတ်လ (၂၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ “ဆီးချိုသွေးချိုနှင့် ဟော်မုန်း ရောဂါ ကုသမှုများမြှင့်တင်ခြင်း” (Advancing Care in Diabetes and Endocrinology) ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဆေးပညာရှင်များသာမက ဩစတြီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ဆေးပညာရှင် (၁၄)ဦးက Speaker အဖြစ်ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ပညာရှင် (၄၅၀)ဦးခန့် တက်ရောက်လျက်ရှိ ကြပါသည်။
 ညီလာခံတွင် ဆွေးနွေးပွဲ (Symposium) (၈)ခုခွဲ၍ ဆွေးနွေးကြမည်ဖြစ်ရာ Artificial Intelligence(AI) ကို အသုံးပြုပြီး ဆီးချိုသွေးချို၏ နောက်ဆက်တွဲရောဂါများဖြစ်သည့် မျက်စိအတွင်း သွေးကြောများပျက်စီးကာ အမြင်အာရုံထိခိုက်မှု၊  ကျောက်ကပ်‌ရောဂါနှင့် အာရုံကြောရောဂါများ ဖြစ်နိုင်‌ခြေတို့ကို စစ်ဆေးသည့်ခေတ်မီနည်းပညာသစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုဆောင်ရွက်ခဲ့သည့် သုတေသနအပါအဝင် ပြောင်းလဲတိုးတက်လာသည့်နည်းပညာရပ်များဆိုင်ရာဆွေးနွေးပွဲများ၊   ပညာရပ် ဆိုင်ရာ ပိုစတာ(၃၅)ခုနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို  ခင်းကျင်းပြသထားပြီး ညီလာခံမစမီ အကြိုအစီ အစဉ်အနေဖြင့် သွေးတွင်းဂလူးကို့စ် စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးခြင်း (Continuous Glucose Monitoring – CGM) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။